“ကိုယ့်ကိုယ်ကိုယ် LGBT တစ်ယောက်လို့ ဖွင့်ဟထုတ်ဖော်ခဲ့မယ်ဆိုရင် လူမှုစီးပွား စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့ကြရမှာ ဖြစ်တယ်” (ယာယာအေးမြတ်) – iSeeMedia
Feature

“ကိုယ့်ကိုယ်ကိုယ် LGBT တစ်ယောက်လို့ ဖွင့်ဟထုတ်ဖော်ခဲ့မယ်ဆိုရင် လူမှုစီးပွား စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့ကြရမှာ ဖြစ်တယ်” (ယာယာအေးမြတ်)

မေလ ၁၇ ရက်နေ့ဟာ လိင်တူချစ်သူများနှင့် ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲပြုမှု နေထိုင်သူများအပေါ် မုန်းတီးမှုအား ဆန့်ကျင့်ရေးနေ့ International Day Against Homophobia and Transphobia (IDAHOT) ဖြစ်ပြီး မေ ၁၅ တွင်လည်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာရှိ ကုလသမဂ္ဂရုံးများမှာ IDAHOT နေ့ အထိမ်းအမှတ်အဖြစ် သက်တံရောင် အလံလွှင့်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လိင်တူချင်း ချစ်ခင်စွဲလန်းမှုဟာ စိတ်ရောဂါလည်း မဟုတ်သလို ကူးစက်ရောဂါလည်း မဟုတ်တဲ့အတွက် ၁၉၉၀ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စိတ်ရောဂါစာရင်းမှ ပယ်ဖျက်ခဲ့ပါတယ်။ IDAHOT ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ “Breaking the Silence” ဖြစ်ပြီးတော့ လိင်တူချစ်သူများ ခံစားနေရတဲ့ အကြမ်းဖက်မှုများနဲ့ သူတို့အပေါ် အကြောင်းမဲ့မုန်းတီးမှုတွေကို တိတ်ဆိတ်ငြိမ်သက် မနေဘဲ လူသားချင်းစာနာသောအားဖြင့် ဖြိုခွင်းတွန်းလှန်ကြစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

“လိင်တူချင်း ချစ်ခင်နှစ်သက်တာ ဆန့်ကျင်ဘက် လိင်လို ပြုမူနေထိုင်တာတွေဟာ စိတ်ရောဂါမဟုတ်ပါဘူး” ပြောဆိုလိုက်တဲ့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး LGBT တစ်ယောက်အဖြစ် ခံယူထားသူ ယာယာအေးမြတ်နဲ့ iSee မီဒီယာက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

iSee – “LGBT တစ်ယောက်အဖြစ် ခံယူထားသူ တစ်ယောက်အနေနဲ့ မိသားစုမှာ ဖြစ်ဖြစ် ၊ တခြား လူမှုအသိုင်းအဝိုင်းမှာ ဖြစ်ဖြစ် ဘယ်မျိုးအခက်အမျိုးတွေနဲ့ကြုံခဲ့ရလဲ….”

YYAM – “ကျွန်မတို့ အသိုင်းအဝိုင်းက အမြင်ကျဉ်းတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် LGBT တစ်ယောက်လို့ ဖွင့်ဟထုတ်ဖော်ခဲ့မယ်ဆိုရင် လူမှုစီးပွား စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့ကြရမှာ ဖြစ်တယ်။ ဒီတော့ ကျွန်မ ဥပမာလေး ပေးမယ်။ ကျွန်မတို့ ယဉ်ကျေးမှုမှာ အမျိုးသားကို ပိုမြတ်တယ်ပေ့ါ။ ဦးဆောင်နိုင်တယ်ပေါ့။ ဒီလို အသိအမြင်တွေ များနေလေတော့ သားယောက်ျားလေး တစ်ယောက်က ကျွန်တော်က LGBT တစ်ယောက်ပါလို့ ဖွင့်ဟ ပြောဆိုလိုက်တာနဲ့ အရင်ဆုံး မိသားစုမှာ မိဘတွေ အဘိုးအဘွားတွေက မျိုးရိုးဂုဏ် နောက်မျိုးဆက် အစရှိတဲ့ စကားလုံးတွေကမှတစ်ဆင့် အရှက် ရ,ရပါတယ်ဆိုပြီး အရင်ဆုံး ဖိအားပေးမယ်။ ဆက်စပ်အသိုင်းအဝိုင်းမှာဆိုရင်လည်း ဘာသာရေးဆရာတွေကမှတစ်ဆင့် ဘုရားပေးတဲ့ဆုလာဘ်က ဘာ၊ မင်းက ဘယ်လိုလုပ်လိုက်တာဆိုပြီး ဖိအားတွေ အမျိုးမျိုးလာမယ်ပေါ့။ သမီးတစ်ယောက်ကလည်း ကျွန်မကတော့ အမျိုးသမီးချင်း ချစ်ခင်နှစ်သက်တဲ့သူဖြစ်တယ်လို့ ဝန်ခံပြောဆိုလာခဲ့ရင် အလားတူ စိန်ခေါ်မှုမျိုးတွေ ကြုံရပါတယ်။ တကယ်တော့ဒါတွေဟာ ကျွန်မတို့ မွေးရာပါရင်ထဲက ရှိနေတာပါ။ အသက်ကြီးလာမှ ပြောင်းသွားတာဆိုပြီး ပြောတဲ့သူတွေလည်း ရှိပါတယ်။ အသက်ကြီးလာမှ ကိုယ့်ကိုယ်ကိုယ် နားလည်လာတယ်လေ။ အလုပ်အကိုင်ရှိလာ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လာနိုင်တော့မှ ပြောရဲဆိုရဲရှိလာလို့ ဝန်ခံရဲလာတာပေ့ါ။ ကျွန်မ ပြောတာဟုတ်လား။ မိဘတွေအနေနဲ့က သားသမီးတွေကို LGBT မဖြစ်စေချင်ဘူး။ လက်မခံနိုင်ဘူးဆိုတာ ချစ်လို့ပါ။ LGBT တစ်ယောက်အနေနဲ့ အသက်ရှင်သွားရင် မိဘတွေ မရှိတော့တဲ့အခါ ဘယ်လို အသက်ရှင်မလဲ။ သူများတံတွေးခွက်မှာ ပက်လက်မျောမလားပေ့ါ။ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဖြူစင်တဲ့ စေတနာပါ။ အဲဒါဘာနဲ့တူလဲဆိုတော့ ရုပ်ရှင်တွေထဲမှာ မိဘတွေက သားသမီးတွေ နောင်ရေးကောင်းစေချင်လို့ အတင်းအကြပ် သူတို့သဘောကျသူတွေနဲ့ အိမ်ထောင်ရေး စီစဉ်ပေးတာနဲ့ တူပါတယ်။ မချစ်မနှစ်သက်တဲ့သူကို ယူရတော့ အိမ်ထောင်ရေးမသာယာ။ မိဘတွေမရှိတော့ အခြေအနေပိုဆိုးလာ။ စိတ်ဆင်းရဲရ။ ဒါကရုပ်ရှင်ထဲမှာ အမျိုးသား အမျိုးသမီးတွေအတွက် ဖြစ်နေတာ။ LGBT တွေအတွက်က နှစ်ထပ်ကွမ်း။ တစ်က ကိုယ့်ဘဝကိုယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖွင့်ဟလို့ မရတာကတစ်မျိုး၊ နှစ်ကကိုယ်ဘယ်လိုမှ ခံစားလို့မရတဲ့ အိမ်ထောင်ရေး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားရတာကတစ်မျိုး ဆိုတော့ ဘဝမှာ သာယာအောင်မြင်ဖို့ဆိုတာ အရမ်းဝေးသွားပါပြီ။ အဲဒီတော့ မေးစရာကရှိလာတယ်။ ဒါဆိုကလေးတွေရနေတာပဲလေ ဆိုတဲ့ စကားတွေ။ ဒီလိုပြောတာ အခုခေတ်မှာ အရမ်းပညာမဲ့ရာ ရောက်ပါတယ်။ မချစ်မနှစ်သက်တဲ့သူနဲ့ ယူထားရတဲ့သူတွေလည်း ကလေးတွေ ရနေတာပါပဲ။ လူတွေဖြစ်တဲ့အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုကတော့ ကျားမ တိုင်းမှာ ရှိနေတယ်။ ဒါပေမဲ့ သာယာမှု ရှိနေလားရှိမနေလားဆိုတာတော့ ကျွန်မတို့မသိဘူးပေ့ါ။ မိသားစုနဲ့ ပတ်သက်ပြီးတော့ပဲ ကျွန်မ ဥပမာပေးတာပါ။ ကျောင်းမှာ အလုပ်ခွင်မှာ ရပ်ရွာထဲမှာ ကြုံရတဲ့ အခက်အခဲအတွေက ရေတွက်လို့ မရပါဘူး….”

iSee – “IDAHOT နေ့ကို မြန်မာနိုင်ငံမှာ သိသူများပါသလား….”

YYAM – “အထိမ်းအမှတ်နေ့တွေကတော့ ရှိပါတယ်။ သိတဲ့သူတွေကတော့ နည်းပါတယ်။ အရင်က လိင်တူချင်း ချစ်ခင်နှစ်သက်တဲ့ သူတွေကို စိတ်ရောဂါဝေဒနာရှင်အဖြစ် သတ်မှတ်ကြတယ်။ ဒါပေမယ့် ၁၉၉၀ မေလ ၁၇ နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ ဒါဟာ စိတ်ဝေဒနာ မဟုတ်ပါဘူးလို့ ထုတ်ပြန်ကြေညာတဲ့ ရက်ကို အစွဲပြုပြီးမှ ဒီနေ့ကို အမှတ်တရ ကျင်းပတာ ဖြစ်ပါတယ်။ ပျော်ပွဲ ရွှင်ပွဲနေ့တော့ မဟုတ်ပါဘူး။ အဓိကက လိင်တူချင်း ချစ်ခင်နှစ်သက်တာ ဆန့်ကျင်ဘက် လိင်လိုပြုမူနေထိုင်တာတွေဟာ စိတ်ရောဂါမဟုတ်ဘူး၊ ဒီလူတွေဟာလည်း တခြားသူတွေလိုပါပဲဆိုတဲ့ အသိတရား ပြည်သူလူထုအကြား ရလာအောင်လို့ ဖြစ်ပါတယ်….”

iSee – မြန်မာနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းမှာ LGBT တစ်ယောက်အပေါ် ဘယ်လိုရှုမြင်နေကြသလဲဆိုတာ ထင်မြင်ချက်လေးပေးပါ….”

YYAM – “ကျွန်မတို့ မြန်မာနိုင်ငံက အာရှနိုင်ငံပေ့ါ။ အေးချမ်းတယ်။ အကြမ်းမဖက်ဘူးပေ့ါ။ ဘာသာရေးအရ LGBT တွေဟာ အရင်ဘဝက ဝဋ်တွေပေးဆပ်နေရတယ်ပေ့ါဆိုပြီး မြင်ကြပါတယ်။ တချို့သော နိုင်ငံတွေမှာလို LGBT တွေကို ကြိုးမိန့်ချတာမျိုး၊ ကျောက်ခဲနဲ့ ထုသတ်တာမျိုး မရှိဘူး။ အင်မတန်မှ အဆင်ပြေတယ်။ LGBT များအနေနဲ့ စိတ်အေးချမ်းသာစွာ နေနိုင်ပါတယ်ပေ့ါ။ ဘာခွဲခြားဆက်ဆံမှုမှ မရှိနေပါဘူးပေ့ါ။ ဒါပေမယ့် အဲဒီလောက်မရိုးရှင်းဘူး။ ကျွန်မတို့မှာက ကြိုးဆွဲမသတ်၊ ခဲပေါက်ပြီး မသတ်ပေမယ့် နှုတ်အားဖြင့်တော့ အကြိမ်ကြိမ်သတ်ပြီး ဖြစ်တဲ့အတွက် အသက်ရှင်နေတဲ့ LGBT တွေဟာ သေလူနဲ့ မခြားပါဘူး။ မတူမတန်သလိုဆက်ဆံ၊ အလုပ်ခွင်မှာခွဲခြား၊ ဆေးရုံဆေးခန်းများမှာ လူတစ်ယောက်လို ဆက်ဆံဖို့ ဝန်လေးကြတာတွေဟာ တကယ်တော့ ထုသတ်လိုက်တာထက်တောင်မှ စိတ်ကို ဒဏ်ရာပေးပြီး သတ်ပစ်လိုက်ကြတာပါ။ ကျွန်မတို့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ခြယ်မှုအောက်မှာ နေခဲ့ရပါတယ်။ ကျွန်မ တို့ပြည်သူတွေဟာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံး ၂၀၁၂ နောက်ပိုင်းမှသာ အသံထွက်ရဲတာပါ။ အဲဒီအတွက် ကိုယ့်အခွင့်အရေးက ဘာဆိုတာ သိတဲ့သူနည်းပါတယ်။ ကိုယ့်မှာ အခွင့်အရေး ရှိသလို သူများရဲ့အခွင့်အရေးကိုလည်းနားလည်လေးစားရမယ်ဆိုတဲ့ အသိရှိသူလည်းနည်းပါတယ်။ ကိုယ်ကတော့ ရသမျှယူမယ် သူများတော့ ဘာမှမပေးနိုင်ဘူးဆိုတဲ့ စိတ်ဓါတ်တွေကများနေတယ်။ ဒါ ကျွန်မတို့ရဲ့ ငြင်းမရတဲ့ အသိုင်းအဝိုင်းကြီး။ဆက်ပြီးတော့ နားလည်တာ – လက်ခံတာ – လူမှုအသိုင်းအဝိုင်းမှာ ပါဝင်စေတာ ကျွန်မ ထပ်ပြောပါ့မယ်။ ကျွန်မတို့အရေးဆို ဆွေးနွေးတိုင်ပင်တာတွေလုပ်ဖို့ လွှတ်တော်အမတ်များနဲ့ တွေ့ဆုံဆွေးနွေး စကားပြောဖူးပါတယ်။ လွှတ်တော်အမတ်များကလည်း ဝမ်းသာအားရပဲ ဟုတ်ပါတယ်။ လူသားတွေ အချင်းချင်းပဲ တန်းတူအခွင့်အရေး ရှိရမှာပေ့ါ ပစ်ပယ်ထားလို့ ဘယ်ရမလဲ။ ကျွန်တော့် မိန်းမဆိုရင် ဆံပင်ညှပ်တဲ့အခါ ရပ်ကွက်ထဲက မိန်းမလျာရဲ့ ဆိုင်မှာပဲ ညှပ်တာ။ သူကသိပ်ခင်ဖို့ ကောင်းတယ်။ ကျွန်တော်တို့ မိသားစုနဲ့လည်း အရမ်းရင်းနှီးတယ်။ မိသားစုလိုပါပဲဗျာတဲ့။ ကျွန်မ အဲဒီလိုကြားရတော့ အင်မတန်ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်မ ရှေ့ဆက်ဝမ်းသာလို့ မရဘူးဘာလို့လဲဆိုတော့ အဲဒါက LGBT တွေကို နားလည်ပေးတာ သက်သက်ပဲဖြစ်နေလို့ပါ။ လက်ခံတာ မဟုတ်သေးပါဘူး။ ကျွန်မ ဥပမာပေးပါ့မယ်။ လက်ခံတယ်ဆိုတာကတော့ ကိုယ်မိသားစုလို ဖြစ်နေပါတယ်ဆိုတဲ့ သူကို ကိုယ့်မိသားစုဝင်က ချစ်ခင်စုံမက်လို့ မိသားစုထဲ ခေါ်လာတော့မယ်လို့ အသိပေးတဲ့အခါ ဝမ်းသာအားရ လက်ခံပေးတာ ဖြစ်ပါတယ်။ အဲ့ဒါမျိုးကိုမှ LGBTတွေကို လက်ခံပေးတယ်လို့ ခေါ်ပါတယ်။ အဲဒီလိုပြောလို့ ငါတို့က LGBT တွေကို အမျိုးတော်ပေးရမှာလားဆိုပြီး ကတ်သတ်မပြောပါနှင့်။ ကျွန်မ သဘောတရားကို ပြောတာပါ။ လူမှုအသိုင်းအဝိုင်းမှာ ပါဝင်စေတာဆိုတာကတော့ ခုနကလို LGBT က ကိုယ့်မိသားစုဝင် ဖြစ်လာတော့မယ်ဆိုတာကို လက်ခံပြီး သူတို့ ပွဲအတွက် ကိုယ်က ဖိတ်စာဝေပေး လိုအပ်တာကူညီပေး ရှေ့ဆက်ရမယ့်လမ်းမှာ အကြံပေးတာကို ဆိုလိုပါတယ်။ ကျွန်မ တို့တော်တော်များများရဲ့ အမြင်ဟာ အခုအချိန်မှာတော့ နားလည်ပေးတဲ့အဆင့်ပဲ ရှိပါသေးတယ်။ လက်ခံပေးနိုင်တဲ့ အဆင့်အထိကတော့ တော်တော်လေး ခဲယဉ်းနေဦးမှာပါ။ လက်ခံပေးအောင်လည်း အသိပညာပေးတွေတော့ အများကြီးလိုသလို လူကိုလူလိုမြင်တတ်တဲ့ လူတွေများလာဖို့ လိုပါတယ်….”

iSee – “တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဥပဒေတွေ ပြဋ္ဌာန်းမယ်လို့ ထင်ပါသလား၊ ပြီးာေတ့ မျှော်လင့်ပါသလား”

YYAM – “မြန်မာနိုင်ငံမှာ ၁၈၆၁ ခုနှစ်က ဗြိတိသျှတွေယူလာတဲ့ ရာဇသတ်ကြီး ရှိပါတယ်။ အဲဒီရာဇသတ်ကြီးဟာ ခေတ်မမီတော့ပါဘူး။ ပြောင်းလဲပြင်ဆင်ရမှာပါ။ ကျွန်မတို့တွေဟာ ကိုလိုနီတွေကို သိပ်မုန်းပါတယ်။ ကိုလိုနီတွေကို သိပ်မုန်းပေမယ့်လည်း ကိုလိုနီတွေထားခဲ့တဲ့ မကောင်းတဲ့ဥပဒေတွေကို သိမ်းထားပြီး ကောင်းတဲ့ဥပဒေတွေကို ပြင်ဆင်ဖို့ လုပ်တာကိုလည်း ထူးဆန်းစွာတွေ့ရပါတယ်။ LGBT တွေကို လက်ရှိ ဖိနှိပ်နေတဲ့ဥပဒေတွေကတော့ ရာဇသတ်ကြီး ပုဒ်မ ၁၀ (အဓိပ္ပါယ်ဖွင့်ဆိုချက်အလုံးစုံပါဝင်မှု မရှိ)၊ ပုဒ်မ ၃၇၇ (ဓမ္မတာမဟုတ်သော လိင်ဆက်ဆံခြင်းကိုတားမြစ်ခြင်း)၊ ပုဒ်မ ၃၁၂ က ၁၉၆၃ တော်လှန်ရေးကောင်စီလက်ထက်မှာ ထပ်မံဖြည့်စွက်တဲ့ အပိုဒ်ခွဲတွေဟာ လက်ရှိ LGBT တွေကို တိုက်ရိုက် ဒါမှမဟုတ်သွယ်ဝိုက်ပြီး ထိခိုက်မှု ရှိနေပါတယ်။ မြန်မာနိုင်ငံရဲအက်ဥပဒေက မှောင်ရိပ်ခိုမှုနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေကလည်း ထိခိုက်မှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဒီဥပဒေတွေကို ပြင်ဆင်ဖို့ ပယ်ဖျက်ဖို့ရာ ကျွန်မတို့ အရေးဆိုနေပါတယ်။ ဒီဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေလို အမတ် ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်ဖြည့်စွက်လို့ရတာ မဟုတ်ပါဘူး။ အမတ်တွေရဲ့ ဆင်ခြင်တုံတရားနဲ့ လူကို ကာကွယ်မှာလား ဥပဒေကို ကာကွယ်မှာလားဆိုတဲ့အပေါ် မူတည်ပြင်ဆင်နိုင်တာ ဖြစ်ပါတယ်။ နောက် LGBT တွေတင်မက မသန်စွမ်းတွေ၊ ဘိုးဘွားတွေ အခြားအားနည်းတဲ့သူတွေအတွက် ခွဲခြားဆက်ဆံမှုမရှိစေဘဲ အကျိုးဖြစ်စေမယ့် ဥပဒေတွေ ပြဌာန်းပေးဖို့ ကျွန်မတို့ အရေးဆိုသွားမှာ ဖြစ်ပါတယ်။ မျှော်လင့်လားဆိုတော့ ဒါက ဖြစ်ကိုဖြစ်ရမယ့် ကိစ္စပါ။ ကျွန်မတို့ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ် ၄ စောင်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံပါ။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ ကတိကဝတ်တွေနဲ့အညီ ပြည်တွင်းဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပုဒ်မ ၃၇၇ လို ပြဋ္ဌာန်းချက်မျိုးကို ၁၉၇၀ ပြည့်နှစ်လောက်မှာ ပယ်ဖျက်လိုက်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်ကပေ့ါ။ ကျွန်မတို့က ဥပဒေ ပြင်ဆင်ပြောင်းလဲဖို့ပြောရင် အမေရိကန်လိုနိုင်ငံတောင် နှစ်တွေဒီလာက်ကြာသေးတာပဲဆိုပြီးပြောတဲ့ လူကြီးတချို့ရှိတယ်။ ကျွန်မက ဘယ်လိုပြန်ပြောချင်လည်းဆိုတော့ အမေရိကန်နိုင်ငံဟာ သူ့နိုင်ငံသားတွေအပေါ်မှာ အပြစ်ရှိတာကိုသိပြီး လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က ပြင်ဆင်ခဲ့ကြတယ်။ ကျွန်မတို့နဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကလည်း အလားတူ ပြင်ဆင်မှုတွေကို ၂၀၀၄ ကနေ ၂၀၁၉ အထိ လုပ်ခဲ့ကြတယ်။ ကျွန်မတို့ မြန်မာနိုင်ငံဟာလည်း အမေရိကန်ပြည်ထောင်စုရဲ့ အမှား၊ အိန္ဒိယရဲ့အမှားဟာ ငါ့အမှားနဲ့ အတူတူပဲလားဆိုတာ မြင်နေကြတယ်။ ဒါပေမယ့် ပြင်ဆင်ဖို့မလုပ်ဘဲ နောက်ထပ်အနှစ် ၅၀ လောက် ဆက်မှားလို့ရသေးတယ်လို့ စိတ်ထဲမှာ မှတ်ယူနေကြတယ်…….”

iSee – “IDAHOT နေ့နဲ့ ပတ်သက်ပြီး မိမိခံစားချက် ဘယ်လိုရှိပါသလဲ….”

YYAM – “ဒီနေ့ အထိမ်းအမှတ်နဲ့ ဆောင်ရွက်တဲ့ အရာတွေဟာ ကျွန်မတို့ ပြည်သူတွေကို ပိုပြီး အသိပညာဖွံ့ဖြိုးစေပြီး လူကို လူလို နားလည်လက်ခံမှုတွေ တိုးလာပါစေဆိုတာကတော့ ကျွန်မ ခံစားချက်ပါ…..”

iSee – “တခြားဘာတွေဖြည့်စွက်ပြီး ပြောချင်တာပါသလဲ…..”

YYAM – မရှိပါဘူး။

(ဆက်သွယ်းမေးမြန်းသူ – AS)

Click to comment

Most Popular

To Top