သဇင်ပန်းရနံ့မှာလန့်နိုးခြင်း – iSeeMedia
Editorial

သဇင်ပန်းရနံ့မှာလန့်နိုးခြင်း

EDITORIAL

မြူနှင်းတွေ ပိတ်ဆီးနေသည့်မနက်ခင်းတွေကို သတိရသည်။ နေရောင်မှာ မြက်ခင်းပေါ်တွယ်ညိနေသည့် နှင်းစက်ကလေးတွေက စိန်ပွင့်လိုလင်းလက်နေသည်။ နေရောင်တောက်ပလာသည်နှင့် ပျောက်ပျက်ပြယ်ယွင်းရသည့် မြက်ဖျားနှင်းလို လွတ်လပ်ပျော်ပါးခွင့်ရသည့် ငယ်ဘဝလေးတွေဆိုတာကလည်း တိုတောင်းလွန်းခဲ့ပါသည်။ တစ်နှစ်တာဆိုတာကလည်း ဘာမှမကြာလိုက်သလို၊ ခုတော့ ၁၂ လမြောက် ဒီဇင်ဘာက ဒီတစ်နှစ်ရဲ့နောက်ဆုံးတံခါးချပ်ကို ဂျိမ်းကနဲမြည်အောင်ပိတ်ဖို့ပြင်နေပြီ။

စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ဆိုသည့် သီချင်းနှင့်အတူ လူထုလမ်းလျှောက်ပွဲများဖြင့် ဒီဇင်ဘာသည့် တက်ကြွလှုပ်ရှားခဲ့ဘူးသည်။ မနက်အိပ်ယာကနိုး ဖုန်းကိုဖွင့်တော့ မက်ဆင်ဂျာက တတိန်တိန်နှင့် နိုတီတွေတက်လာသည်။ ဆွိ ဒီဇင်ဘာ တဲ့။ နတ်တော်ပြာသို ခွာညိုတည့် နှင်းဖုံ ဆိုသည့် ဂီတနတ်သံကိုစောညိမ်း၏ သည်ဆောင်းဟေမန်ကိုသာ ဆွဲဆွဲငင်ငင် ပစ်ဟဲလိုက်ချင်တော့သည်။

ရာသီဥတုလေးက အအေးဓာတ်ကလေး ညို့ငင်လာသလို သစ်ပင်ပန်းမာလ်တွေကလည်း လန်းဆန်းလာသည်။ လူတွေကလည်း လှုပ်ရှားသွက်လက်လာကြသည်။ ကုန်တိုက်ကြီးတွေမှာ မီးအလှတွေနှင့် ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်။ အရောင်းစာရေးမလေးက ခရစ်စမတ်ဦးထုပ်အနီကလေးဆောင်းကာ အလှပဆုံး ပြုံးပြနေသည်။ နှစ်ကုန်စာရင်းပိတ် ဂိုဒေါင်ခါ ဈေးရောင်းပွဲတော်ကြီးတွေက ဗီနိုင်းကြော်ငြာအကြီးကြီးတွေဖြင့် မြို့ကိုခြုံအုပ်လို့ထားသည်။ တန်ဆောင်တိုင်ပွဲတော်ပြီးကတည်းက အလှူအတန်း ဘုရားပွဲတွေက ဆက်တိုက်လိုက်လာသည်။ အခုတခါ ခရစ်စမတ်နှင့် နှစ်ကူးညက တန်းစီစောင့်နေသည်။ ပိတ်ရက်တွေ၊ တစ်နှစ်တာဆုကြေးတွေနှင့် ဇာတိရပ်မြေ အိမ်ပြန်ကြမည့်သူတွေကလည်း အထုပ်အပိုးပြင်နေကြပြီ။ အားလုံးအတွက် ဆွိ ဒီဇင်ဘာ။

မြန်မာ့သမိုင်းမှာ အမျိုးသားနေ့က အရေးကြီးသည်။ ကိုလိုနီအစိုးရ၏ ကျွန်ပညာရေးကို ဆန့်ကျင်ခဲ့သည့် ကျောင်းသားသပိတ် စတင်ခဲ့သည့်နေ့ဖြစ်သည်။ တမျိုးသားလုံးကို လွတ်လပ်ရေးအတွက် လှုံ့ဆော်ပေးခဲ့သောနေ့ဟု ဆိုရမည်။ ဒီဇင်ဘာကိုသာမက မြန်မာ့သမိုင်းကို ဆွိစေခဲ့သောနေ့တနေ့ပဲဖြစ်သည်။ အခုရာစုနှစ်သစ်မှာတော့ ဒီဇင်ဘာ ၁၀ ရက်နေ့ဆိုတာ လူ့အခွင့်အရေး ကြေငြာစာတမ်းထုတ်ပြန်ခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်နေပြန်သည်။ လူသားတို့ဘဝကို ဆွိစေခဲ့သောနေ့ဟုပဲ ဆိုရပေမည်။

ကမ္ဘာကြီးကို ချိုစေချင်သည်။ လူသားတို့ဘဝကို ချိုစေချင်သည်။ ချစ်သူတို့ တဦးနှင့်တဦး ချိုစေချင်သည်။ ဆွိဒီဇင်ဘာနှင့်အတူ ချိုကြပါစေဟု ဆုတောင်းလိုက်မိသည်။ တကယ်တမ်းကျ လူတဦးချင်းဘဝမှသည် မြန်မာပြည်အလယ် မက္ကဆီကိုနယ်စပ်က ကမ္ဘာကြီးအဆုံး ခါးသီးမှုတွေက ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေသည် မဟုတ်လား။

ခရစ်စမတ်ဘိုးဘိုးကြီးက လက်ဆောင်ထုပ်ကြီးလှည်းပေါ်တင်ကာ သူ့ခြေမြန်တော်သမင်တွေကို အားကုန်သုတ် နှင်ပြေးစေလိုက်သည်။ ဗုံးတွေဒုံးတွေကြားမှာ အကာအကွယ်မဲ့နေသည့် ကလေးငယ်တွေနှင့် အမျိုးသမီးတွေရှိရာ ယီမင်တောင်မြောက်ဆီကိုလား။ အမေရိကန်ဆီကိုဦးတည်လာသည့် လက်တင်အမေရိက ဒုက္ခသည်စစ်ကြောင်းကြီးဆီကိုလား။ ခြံခတ်ခံထားရသည့်ဘဝမှလွတ်မြောက်ဖို့ ယိုင်နဲ့နဲ့လှေငယ်လေးများဖြင့် ပင်လယ်ပြင်ကို အလုအယက်ထွက်ပြေးနေကြသည့် တောင်အာရှ တစ်နေရာရဲ့ အိန္ဒိယသမုဒ္ဒရာကမ်းစပ်ပေါ်က နိုင်ငံမဲ့ လူအုပ်ကြီးတစ်ခုဆီကိုလား။

ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာက နှစ်တစ်နှစ်ကို စာရင်းပိတ်တော့မည်။ ပြီးတော့ နှစ်သစ်တခုရဲ့တံခါးကို ဆွဲဖွင့်မည်။ ဘာတွေယူသွားပြီး ဘာတွေ ချန်ထားရစ်မလဲ။ ချန်ချင်တိုင်းချန်ပြီး ယူသွားချင်တိုင်း ယူသွားခွင့်ကော ရှိရဲ့လား။ တစ်ခါတုန်းကတော့ ဒီဇင်ဘာ အာရုဏ်ဦးတွေမှာ အိမ်ခေါင်မိုးပေါ် နှင်းပေါက်ကျသံတွေ ကြားခဲ့ရဘူးသည်။ အဘိုးအိုတဦးက ခြံဝိုင်းကလေးထဲ သစ်ရွက်ခြောက်တွေကို အစောကြီးထလှည်းကာ မီးပုံကလေးထဲ ပစ်ထည့်နေခဲ့သည်။
တငွေ့ငွေ့ လွှမ်းထားတဲ့ မြ မြူပုဝါ
အရွေ့ရွေ့ လှမ်းထားဆဲည ဒီအချိန်အခါ
သဇင်ညကို ချစ်ဖူးသူတို့အတွက်တော့ ဘဝတွေက ဘယ်လောက်ခါးခါး ဒီဇင်ဘာကတော့ ချိုနေမှာပဲဖြစ်ပါသည်။

Click to comment

Most Popular

To Top