ရန်ကုန်၊ နိုဝင်ဘာ ၁၈
ယမန်နှစ် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က အသက်ရာပြည့်ပွဲ ဆင်နွှဲခဲ့ကာ သူ့ကိုချစ်ခင်သူများက သမိုင်းဒေဝီဟု အမှတ်တရ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြသည့် မြန်မာသမိုင်းပညာရှင် စာရေးဆရာမကြီးဒေါ်ကြန်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ နိုဝင်ဘာလ ၁၆ ရက် စနေနေ့ည ၈ နာရီအချိန်က ကွယ်လွန်အနိစ္စရောက်ရှိခဲ့ကြောင်း သိရသည်။
ဆရာမကြီးဒေါ်ကြန်ကို ၁၉၁၈ ခုနှစ် ဇူလိုင်လ ၁ ရက် (တနင်္လာနေ့) တွင် ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့၌ အဘ ဦးကျော်ထွန်း၊ အမိ ဒေါ်ငွေနှစ်တို့က မွေးဖွားခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် သံတွဲမြို့ အစိုးရဟိုက်စကူးကျောင်းမှ ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းကို (က) အဆင့်မှ အောင်မြင်ခဲ့ပြီး ထိုကျောင်း၌ပင် အလယ်တန်းပြဆရာမအဖြစ် ခေတ္တလုပ်ကိုင်ခဲ့သည်။ ထိုမှ ရခိုင်ပြည်နယ်၊ စာတိုက်ဌာန (သံတွဲနှင့် စစ်တွေမြို့) တွင် အထက်တန်းစာရေးအဖြစ် ထမ်းဆောင်ခဲ့သည်။
၁၉၅၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်လည်တက်ရောက်ခဲ့ရာ ၁၉၅၄ ခုနှစ်တွင် အထူးတန်း အခွင့်အရေး ရရှိသဖြင့် ဝိဇ္ဇာ (ဘီအေ) ဘွဲ့ကို သုံးနှစ်အတွင်း ရရှိခဲ့သည်။
၁၉၅၆ ခုနှစ်တွင် မြန်မာသမိုင်းကော်မရှင်တွင် ကျမ်းပြုအရာရှိအဖြစ် စတင်ထမ်းဆောင်ခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ (သမိုင်းအထူးပြု) အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြအဖြစ် ၂ နှစ် ထမ်းဆောင်ခဲ့သည်။

၁၉၅၇ နှင့် ၁၉၅၉ ခုနှစ်အတွင်း မြန်မာ့သမိုင်းအထောက်အထားများ ကူးယူစုဆောင်းရေးစီမံကိန်းအရ အင်္ဂလန်သို့ သွားရောက်လေ့လာခဲ့သည်။ ၁၉၆၃ ခုနှစ် သမိုင်းသုတေသနဌာနတွင် အကြီးတန်း သုတေသနမှုးအဖြစ် ၁၉၇၇ ခုနှစ်တွင် Cultural Award Scheme ဖြင့် ဩစတြေးလျနိုင်ငံရှိ မြို့ကြီးများသို့ သွားရောက်လေ့လာခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် သက်ပြည့်ပင်စင်ယူခဲ့ပြီး သမိုင်းသုတေသနဌာန၌ ၄ နှစ်မျှ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။ အမှတ် (၁) စက်မှုဝန်ကြီးဌာန၏ “မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း” အတွဲများ ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ၁၉၈၆ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ အကြံပေးပညာရှင်အဖြစ် ပါဝင်ရေးသားပြုစုခဲ့သည်။
၁၉၉၁ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ မြန်မာစာအဖွဲ့ဝင်အဖြစ် ကွယ်လွန်ချိန်အထိ ပါဝင်ဆောင်ရွက်ခဲ့သည်။
ကိုလိုနီခေတ်သမိုင်းကို အထူးပြု လေ့လာခဲ့သူဖြစ်၍ ပဒေသရာဇ်မြန်မာနိုင်ငံ၏ ဇာတ်သိမ်းနှင့် မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၁၈၈၆ ) စာအုပ်များဖြင့် အထူး ထင်ရှားခဲ့သည်။ အမျိုးသား စာပေဆု ၅ ကြိမ်ရခဲ့သည်။
အင်္ဂလိပ် မြန်မာ မှတ်တမ်း အထောက်အထားများသုံး၍ မြန်မာ သမိုင်းကို ပြန်လည်ရေးသားကြရာတွင် အဓိက ပါဝင်ခဲ့သည့် ပညာရှင်တစ်ဦးဖြစ်သည်။
ရွှေတိဂုံစေတီတော်မှ ကြေးအုတ်များ စာတမ်းမှာ ၁၉ ရာစု မင်းတုန်းမင်း ထီးတင်ချိန်တွင် ကုသိုလ်ပါဝင်ခဲ့ကြသည့် အောက်မြန်မာပြည် တလွှားမှ ကျေးရွာများအကြောင်း ပြုစုထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ သုတေသနအသင်းတွင် ဒုတိယဥက္ကဋ္ဌအထိ ဆောင်ရွက်ခဲ့သည်။
နိုဝင်လာလ ၂၀ ရက် ညနေ ၅ နာရီအချိန်တွင် ဆရာမကြီးအား ရေဝေးသုဿန်၌ အခမ်းအနားဖြင့် နောက်ဆုံး ပို့ဆောင်ဂါဝရပြုကြမည်ဖြစ်ကြောင်း သိရှိရသည်။
iSee media
