ပြည်သူလူထုကြားနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်နေသော ရန်ကုန်မြို့ ဗိုလ်တစ်ထောင် မြို့နယ်ရှိ ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ထားသည့် Beau Wellness Centre နှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၈ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အပါအဝင် ဌာန ၄ခု နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ကြားနာမှု ပြုလုပ်ခဲ့ပြီးနောက် ပိတ်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
“ဆွေးနွေးပွဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အသံနဲ့ ကျွန်တော်တို့ဘက်က ခိုင်လုံတဲ့ အချက်တွေ ထောက်ပြတယ်။ လူမှုရေးနဲ့ စီမံခန့်ခွဲရေး ကော်မတီ တစ်ဦးချင်းစီကို ပြောဆိုဆွေးနွေးပြီးတော့ လုံးဝကန့်ကွက်ပါတယ်ဆိုတာကို ကျွန်တော်တို့ အတိအလင်း ပြင်းပြင်းထန်ထန် ကျွန်တော်တို့ ပြောတယ်။ ပြောပြီးတော့မှ နောက်ဆုံး အနော်မာ အုပ်စု ကိုယ်စားပြု ဦးမောင်မောင်သိန်းက သူတို့အနေနဲ့ ဒီလုပ်ငန်းကို ဆက်မလုပ်ပါဘူး၊ ဒီလုပ်ငန်းကို ပိတ်သိမ်းမှာဖြစ်တယ်၊ နောက်နောင်ကိုလည်း ဒီလို အလားတူ လုပ်ငန်းမျိုးနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းမျိုးကို ဝန်ကြီးများရုံးထဲမှာ မလုပ်တော့ပါဘူးဆိုတဲ့ ကတိကို ကျွန်တော်တို့ကို ပေးပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင် မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ယနေ့ နိုဝင်ဘာ ၉ တွင် iSee မီဒီယာသို့ ပြောကြားသည်။
ဒီကြားနာပွဲမှာ ရရှိလာတဲ့ ရလဒ်များကို ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌ ကနေပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဆီကို သဝဏ်လွှာ အနေနဲ့ ပို့မယ်။ အဲ့ဒါကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဒီကတိကဝတ်ရလဒ်ကို ယူထားပြီးတော့ ဆက်လက်ထိန်းသိမ်းရမယ့် ကိစ္စ၊ ဥပဒေ ကြောင်းအရ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ရန်ကုန်တိုင်း အစိုးရက ဆက်လုပ်သွားမှာဖြစ်တယ်” ဟု ၄င်းက ထပ်မံပြောကြားခဲ့သည်။
De Beau Wellness Centre ကို အောက်တိုဘာလ ၂၆ရက်နေ့က ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
