လက်ရှိကာလသည် ဓားမိုးထားသည့်အခြေအနေ၌ရှိနေသေးကြောင်း ဒေါက်တာ မျိုးညွန့်ပြောကြား – iSeeMedia
Local

လက်ရှိကာလသည် ဓားမိုးထားသည့်အခြေအနေ၌ရှိနေသေးကြောင်း ဒေါက်တာ မျိုးညွန့်ပြောကြား

နိုဝင်ဘာ ၈

မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဦးဆောင်သည့် အရပ်သားအစိုးရတက်လာသော်လည်း လက်ရှိအခြေအနေသည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်ပေါ်နေသည့် အတားအဆီးများအား ဖြတ်ကျော်နေရ သည့်အပြင် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိတို့လည်ဂုတ်ပေါ်တွင် ဓားမိုးထားသည့် အခြေအနေပင်ရှိနေသေး ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။

“ခေတ်အဆက်ဆက်ပေးဆပ်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ဒီကနေ့ကာလမှာခေါင်းမထူနိုင်သေးဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ပန်းတိုင်လည်းမရောက်သေးပါဘူး။ဒီကနေ့ ဒီနေရာကို ကျွန်တော်တို့ရောက်လာတာဟာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ပြည်သူလူထုရဲ့ကျေးဇူးဆိုတာကိုလည်း အမြဲသတိတရရှိနေပါတယ်။ ကျွန်တော်တို့ဟာ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေရဲ့အတားအဆီးတွေ ဖြတ်ကျော်နေသလို၊ဒီဥပဒေက လက်ရှိအချိန်မှာ မိမိတို့လည်ဂုတ်ပေါ်ဓားမိုးထားတဲ့ အခြေအနေပဲ ရှိနေသေးတယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်ပါတယ်။ ဒါကိုပြင်ဖို့လည်းကြိုးစားနေ ပါတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် ဗဟိုလူမှုအထောက်အကူပြုအဖွဲ့မှကြီးမှူးကျင်းပသော နိုင်ငံရေးအကျဉ်းသားမိသားစုများ၏ သားသမီးများ ပညာရေးထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း
ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ကျွန်တော်တို့ပေးနိုင်တဲ့ပမာဏဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ပေးဆပ်ခဲ့မှုတွေနဲ့စာရင် အင်မတန်နည်းပါး ပါတယ်။ကျွန်တော်တို့လည်းတတ်နိုင်သလောက်လေးပေးရတာပါ။နောင်များအခါမှာ ဒီထက်ပိုပြီးဂုဏ်ပြုနိုင်ဖို့ ကျွန်တော် တို့ကြိုးစားနေပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောသည်။

အဆိုပါအခမ်းအနားကို နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်မိသားစုဝင်များတက်ရောက်ခဲ့ကြပြီး နိုင်ကျဉ်းမိသားစု ၉၂ ဦးကို ထောက်ပံငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

ယနေ့ပေးအပ်မှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များသာဖြစ်ပြီး မကြာမှီကာလ၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ နိုင်ကျဉ်းမိသားစုများကို ထောက်ပံ့ငွေများပေးအပ်နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

ကိုဖူးသစ်

Click to comment

Most Popular

To Top