၂၀၁၉ ပညာသင်နှစ်တွင် ဖာပွန်ခရိုင်ရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ အင်္ဂလိပ်စာပြဆရာ မရှိသည့်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားတစ်ဦးမျှမရှိခဲ့ဟုဆို – iSeeMedia
Local

၂၀၁၉ ပညာသင်နှစ်တွင် ဖာပွန်ခရိုင်ရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ အင်္ဂလိပ်စာပြဆရာ မရှိသည့်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားတစ်ဦးမျှမရှိခဲ့ဟုဆို

နေပြည်တော်၊ နိုဝင်ဘာ ၈
၂၀၁၈-၂၀၁၉ ခုနှစ်ပညာသင်နှစ်အတွင်း ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကရင်ပြည်နယ်၊ဖာပွန်ခရိုင်အ တွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ အင်္ဂလိပ်စာဘာသာရပ်အား သင်ကြားပြသပေးမည့် ဆရာမရှိသည့်အတွက် အောင်မြင်သူကျောင်းသားမရှိခဲ့သည့်ဖြစ်စဉ်ရှိခဲ့ကြောင်းနှင့် ၄င်းဖြစ်စဉ်သည် ပညာရေးနိမ့်ကျမှုညွန်းကိန်းကို ပြသရာ ရောက်နေကြောင်း ဖာပွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစောထွန်းမြအောင်က ပြောကြားသည်။
ထို့ကြောင့် လိုအပ်ချက်ရှိနေသည့် ၄င်းအထက်တန်းကျောင်းတွင် အင်္ဂလိပ်ဘာသာရပ်သင် ဆရာတစ်ဦးအား ခန့်အပ်ပေး ရန် ဖာပွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က လွှတ်တော်သို့အကြံပြုပြောကြားခဲ့ ကြောင်းလည်း သိရသည်။
“ပညာရေးနိမ့်ကျမှုညွှန်းကိန်းပါ။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်ထဲမှာဆိုရင် အထက်တန်း ကျောင်း ၄ ကျောင်း ရှိပါတယ်။ အဲ့ဒီ အထဲမှာ အခုနှစ် ၂၀၁၉ ခုနှစ်ပညာသင်နှစ်မှာ ၁၀ တန်းတစ်ယောက်မှ မအောင်တဲ့ အထက်တန်းကျောင်း ပါရှိပါတယ်။ကျွန်တော်လူကြီးတွေနဲ့ ဆရာမတွေကို သွားတွေ့တယ်။ တွေ့တဲ့အခါမှာ။ ‘မဟုတ်ဘူးတဲ့။ အင်္ဂလိပ်စာသင်မယ့် ဆရာ မရှိဘူးတဲ့’နော်။ အဲ့ဒီလိုဆို မင်းတို့ မတောင်းဘူးလား။ ‘ကျွန်မတို့ တောင်းပါတယ်တဲ့။ ပေးမယ်၊ ပေးမယ် ဆိုပြီးတော့ စာမေးပွဲသာပြီးသွားတယ်။ အင်္ဂလိပ်စာသင်မယ့်ဆရာမမရှိဘူး’။ ဒါကလည်းအားနည်းချက်တွေထဲမှာ ကျွန်တော့အနေနဲ့ တင်ပြချင်တာကတော့ ပညာရေးနိမ့်ကျမှုညွှန်းကိန်းတွေထဲမှာလိုအပ်တဲ့ အင်္ဂလိပ်စာပြဆရာမကို ကျွန်တော်တို့ အမြန်ဆုံး ခန့်ထားပေးဖို့ အကြံပြုပါတယ်”ဟု ဖာပွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က ပြောကြားသည်။
အဆိုပါ ကရင်ပြည်နယ်၊ဖာပွန်ခရိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှု၌ ကျောင်းတစ်ကျောင်းလုံးအတိုင်းအတာဖြင့် အောင်မြင်သည့် ကျောင်းသားမရှိခဲ့သည့်ဖြစ်စဉ်သည် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ၁၉၇၀ ခုနှစ်တွင်လည်း ယင်းဖြစ်စဉ်မျိုးဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များရှိကြောင်းလည်း ၄င်းကဆိုသည်။
“ဒါကလည်း ချို့တဲ့တာမှတကယ့်ကို ချို့တဲ့ပါတယ်။ ဒါက ၁၉၇၀ ခုနှစ်မှာ ဒီလိုတစ်ခါဖြစ်ဖူးပါတယ်။ ဖာပွန်မြို့မှာ ဖာပွန် အထက်တန်းကျောင်းက တစ်ယောက်မှ မအောင်ခဲ့တာရှိခဲ့ဖူးပါတယ်။ အခု ဒုတိယအကြိမ်ဖြစ်တာပါ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က ဆွေးနွေးပြောကြားစဉ်တွင် ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၌ “ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး အဖွဲ့(IDA) ထံမှ အမေရိကန်ဒေါ်လာသန်းတစ်ရာချေးငွေ ရယူရေး”ကိစ္စနှင့်စပ်လျှဉ်းဆွေးနွေးစဉ်ဖာပွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အလင်းရောင်

Click to comment

Most Popular

To Top