ဘိုကလေးမြို့နယ်အတွင်းရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်းကို ယာယီရပ်နား – iSeeMedia
Local

ဘိုကလေးမြို့နယ်အတွင်းရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်းကို ယာယီရပ်နား

နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ်အတွင်းရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများမှာ ဘင်္ဂလားပင်လယ် အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားသည့်အနေဖြင့် ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်း ကို ယာယီရပ်နားလိုက်ကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့်(Cyclonic Storm) “ဘာဘ်ဘယ်´´(BULBUL)သည် ဧရာဝတီတိုင်း ဒေသကြီး၊ပုသိမ်မြို့၏ ရေမိုင် ၃၀၀ ကျော်ခန့်တွင် တည်ရှိပြီး မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာ့ကမ်းရိုးတန်းတို့တွင် လှိုင်းကြီး လေထန်မည်ဖြစ်သဖြင့် ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများ၊စက်လှေများ၊ကြိုတင်သတိပြုရှောင်ရှားကြရန် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၇ ရက်က နံနက်ပိုင်းတွင် ထုတ်ပြန်ထားကြောင်းသိရသည်။

”ဒီကနေ့ မနက် ရေဒီယိုကနေအဆက် မပြတ်မိုးလေဝသသတင်းကိုကြားနေရတယ်။အနည်းဆုံးတော့ လေပြင်းဒဏ်၊မိုးရွာ တဲ့ဒဏ်ခံရဖို့သေချာပါတယ်။ဒါ့ကြောင့် သတိပြုရှောင်းရှားတာပါ။ဘယ်ရက်အထိ နားမလဲဆိုတာတော့ ကြိမ်းသေ ပြောတတ်ပါဘူး။ မုန်တိုင်းထွက်လို့ လှိုင်းလေမရှိရင် ပြန်ထွက်မှာပါ”ဟု ဘိုကလေးမြို့နယ်မှ သမစိတ္တကျေးရွာမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးမင်းမင်းကျာ် ကပြောသည်။

ဘိုကလေးမြို့နယ်အတွင်း စက်ဆန်း၊ရေလယ်ကျွန်း၊သမစိတ္တ၊ ရေတွင်းကုန်း၊မင်းဂံ၊ဒေါင့်ကြီး၊ပေချောင်း၊စသည့် ကျေးရွာ များရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း(၂၄) ဦးခန့်မှ သဘာဝဘေးကြိုတင်ရှောင်ရှားသည့်အနေဖြင့် မုန်တိုင်း ထွက်ချိန် အထိရပ်နားမည်ဖြစ်ပြီး လက်ရှိတွင် မြို့နယ်အတွင်းရှိ ဒေသအချို့တွင် မိုးများရွာသွန်းနေခြင်း လေပြင်းတိုက်ခတ်ခြင်းတို့ ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

”မိုးကလည်း မနက်ပိုင်းတည်းက ရွာတယ် အုန့်မှိုင်းနေတယ် လေပြင်းက လည်းနည်းနည်းပါးပါးတိုက်နေပါတယ်
ပင်လယ်ဘက်မှာ လှိုင်းတော်တော်ထန်လာပါတယ် မနေ့က အထိတော့ သာသာ ယာယာပါပဲ ကျွန်တော်ရဲ့ပင် လယ်ရေလုပ်ငန်း လုပ်လာတဲ့ မနည်းတော့ပါဘူး မုန်တိုင်းမိတာမျိုး တစ်ကြိမ်မှမကြုံဖူးပါဘူး အခုလို ကြိုကြိုတင်တင်ရှောင်းရှေား တာကြောင့်လည်းပါပါတယ်”ဟု ဘိုကလးမြို့နယ် မြင့်ကကုန်းကျေးရွာမှ ရေလုပ်ငန်း လုပ်ကိုင်သူ ဦးစိုးသူက ပြောသည်။

အဆိုပါ ပင်လယ်ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူ များသည် ငါးဖမ်းစက်လှေများကို နိုဝင်ဘာ ၇ ရက် နံနက် ၁၀ နာရီမှစတင်၍ ကမ်းကပ်ရပ်နားနေကြပြီး ၎င်းတို့သည် ၂၀၁၉ခုနှစ်အတွင်း ဒုတိယအကြိမ် သဘာဝဘေးကြိုတင်ရှောင်ရှားကြခြင်း ဖြစ်ကြောင်းသိရသည်။

ကျော်ကျော်လင်း

Click to comment

Most Popular

To Top