သေနတ်ကိုင်တိုင်း ချေဂွေဗားရာမဟုတ် – iSeeMedia
Editorial

သေနတ်ကိုင်တိုင်း ချေဂွေဗားရာမဟုတ်

EDITORIAL


အင်္ဂလိပ်တို့ မြန်မာပြည်အလုံးကို သိမ်းပိုက်ပြီးနောက် မြန်မာပြည်အရပ်ရပ်မှ လက်နက်ကိုင်ခုခံတော်လှန်မှုများကို ၁၂ နှစ်ကြာနှိမ်နင်းခဲ့ရသည်။ ၁၉၃၀ တွင် တခါ ဆရာစံဦးဆောင်သည် လယ်သမားများ၏ လက်နက်ကိုင်ပုန်ကန်မှုဖြစ်သည်။ ဖားရွှေကျော်တိုက်ပွဲမှာ နာမည်ကြီးသည်။ သို့သော် ကိုလိုနီအစိုးရမှ ရက်ရက်စက်စက်နှိပ်ကွပ်ပစ်ခဲ့သည်။ ဆရာစံကို ကြိုးပေးသတ်ဖြတ်ခဲ့သည်။ ကြိုးပေးရန်အမိန့်ချမှတ်ခဲ့သည် တရားသူကြီးဦးဘဦးမှာ လွတ်လပ်ရေးခေတ်တွင် မြန်မာပြည်၏ သမတဖြစ်လာခဲ့သည်။ နိုင်ငံရေး၏ ပြကွက်တစ်ခု။

လွတ်လပ်ရေးကြိုးပမ်းမှုအစပိုင်းတွင် ဘကြီးဘဖေ၊ ဒေါက်တာဘမော်၊ နန်းရင်းဝန်ဦးစောတို့ မြန်မာနိုင်ငံရေးကို ဦးဆောင်ခဲ့သော်လည်း တို့ဗမာအစည်းအရုံးမှတဆင့် သခင်လူငယ်များ လူထုထောက်ခံမှု ရလာကြသည်။ ဒုတိယကမ္ဘာစစ်ကိုအကြောင်းပြုကာ ရဲဘော်သုံးကျိပ်ကို ရှေ့ကတင်ကာ မြန်မာပြည်ထဲကို ဂျပန်ဝင်ရောက်လာသည်။ နောက်တော့ မဟာမိတ်တို့က ပြန်တိုက်ထုတ်ပစ်သည်။ ရဲဘော်သုံးကျိပ်အပါအဝင် မြန်မာနိုင်ငံရေးအင်အားစုများက ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်ကြီး တည်ထောင်ကာ မဟာမိတ်နဲ့လက်တွဲပြီး ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခဲ့ကြပြန်သည်။ ကိုလိုနီအစိုးရပြန်ရောက်လာတော့ မြန်မာတွေက ကိုယ်ပိုင်စစ်တပ်နှင့်ဖြစ်နေကြပြီ။ နိုင်ငံရေးအင်အားစုအသီးသီးက တော်လှန်ရေးလက်ကျန်လက်နက်ကိုယ်စီနှင့် ရရင်ရ၊ မရရင်ချဟုအော်ကာ လွတ်လပ်ရေးတောင်းခဲ့ကြသည်။

ဖဆပလကနေ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပစ်လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည်။ လွတ်လပ်ရေးရသည်။ ကွန်မြူနစ်ပါတီတောခိုသည်။ ကရင်တပ်ရင်းတွေ ပုန်ကန်သည်။ ပြည်တွင်းစစ်ကြီးကို ဘယ်သူမှ မတားနိုင်ခဲ့။ တတိုင်းပြည်လုံး စစ်ပွဲအောက်ရောက်ကာ ရန်ကုန်အစိုးရပဲကျန်တော့သည်။ ဒီအခြေအနေကနေ ဖဆပလအစိုးရနှင့် စစ်တပ်တို့ ရုန်းထွက်ခဲ့ကြရသည်။ ဒီကြားထဲ ရှမ်းပြည်မြောက်ပိုင်း တရုတ်ဖြူကျုးကျော်စစ်ကိုလည်း တိုက်ခဲ့ကြရသေးသည်။ သို့သော် အခြေအနေတွေကို ထိန်းသိမ်းနို်င်ခဲ့သည်ဟု ဆိုရမည်။ ထို့ကြောင့် လူထုအမြင်မှာ စစ်တပ်က ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်လာခဲ့တော့သည်။

အိန္ဒိယလည်း အင်္ဂလိပ်အောက်က လွတ်လပ်ရေးရသည်။ ကွန်ဂရက်အိုင်၏ နိုင်ငံရေးဦးဆောင်မှုဖြင့် ရယူခဲ့ကြခြင်းဖြစ်သည်။ ဂျပန်ခေတ်မှာ လက်နက်ကိုင်တော်လှန်ရေးအတွက် ဆူဘတ်ချန်ဒရာဘို့စ် မြန်မာပြည်ရောက်လာသည်။ သူကတော့ ရဲဘော်သုံးကျိပ်လိုကံမကောင်း။ ဂျပန်တပ်ကြီးရှေ့ကနေ အိန္ဒိယနိုင်ငံထဲ ချီတက်သွားခွင့်မရလိုက်။ နောက်တော့ ာ အမျိုးသားသူရဲကောင်းမဖြစ်လိုက်ရပဲ လက်နက်ကိုင်ပုန်ကုန်မှုအတွက် အိန္ဒိယမှာ ထောင်ကျသွားသည်။ နိုင်ငံရေးအတွက် လက်နက်ကိုင်သည့်အစဉ်အလာကို အားမပေးခဲ့ဟု ဆိုရမည်။ ဒီတော့ အိန္ဒိယနိုင်ငံရေးက ပြည်တွင်းစစ်ကို အမွေမရခဲ့။ စစ်ကမ်းစနစ်ကျနလှသည့် အိန္ဒိယတပ်မတော်ကြီးက နိုင်ငံဂုဏ်ဆောင်ဖြစ်လာသည်။

၈၈ အရေးအခင်းမှာ လူငယ်ကျောင်းသားတွေ တောခိုကြသည်။ စစ်အာဏာရှင်ကို လက်နက်နှင့်တော်လှန်မှရမည်ဟု ယုံကြည်ခဲ့ကြသောကြောင့်ဖြစ်သည်။ ဒီမိုကရေစီတပ်မတော်ကြီးအဖြစ် မြန်မာပြည်ထဲချီတတက်ကြမည့် ရဲဘော်သုံးကျိပ်အိပ်မက်တွေဖြင့်။ အားလုံးက ချေဂွေဗားရားပုံကို လက်မောင်းမှာ တက်တူးထိုးထားသည့် ဗိုလ်ချုပ်အောင်ဆန်းပေါက်စလေးတွေ။ ဒါပေမယ့် ဘာတွေဖြစ်ခဲ့ကြသလဲ။

စစ်အေးခေတ်ပြီးတော့ နိုင်ငံရေးမှာ အယူဝါဒတွေက ကျဆုံးကုန်သည်။ ဒီကွက်လပ်ကြီးကြောင့် အမျိုးသားရေးတိုးတိုက်မှုတွေ နေရာအနှံ့ မီးပွားတွေလွင့်စင်ကုန်သည်။ မြန်မာပြည်မှာလည်း စစ်အာဏာနေရာမှာ ဒီမိုကရေစီနှင့် တရားဥပဒေကို အစားထိုးနိုင်ဖို့ ကြိုးစားနေကြသည်။ ဒါပေမယ့် အမျိုးသားရေးမီးခိုးမှိုင်းတွေက ဆနွင်းမှိုင်းတိုက်သလို ဟိုကဒီက လွင့်ပါမွှန်ထူနေသည်။ ငြိမ်းချမ်းရေးတံခါးဖွင့်ပါမှ လူမျိုးရေးခြင်ကြားကြီးတွေ တဝီဝီအော်ကာ ဝင်လာကြသည်။ ငြိမ်းချမ်းရေးစားပွဲကြီးမှာ ကုလားထိုင်တွေ တန်းစီချထားပေးကာမှ ကျိုးပေါက်လုလု အနောက်စည်းရိုးအစပ်မှ ပြည်တွင်းစစ်မီးကိုရှို့ကာ ကစားကြတာကတော့ မိုက်မဲလွန်းရာကျပါသည်။ သေနတ်ခလုတ်ပေါ်မှာ ငြိမ်းချမ်းမှုကိုရှာသတဲ့ လွတ်မြောက်မှုကိုရှာသတဲ့၊ အမှန်တရားကိုရှာသတဲ့။ တစ်နေ့ကျမှ အပြန်လမ်းဟာ တစ်ဖက်ကမ်းမှာ ကျန်ခဲ့ပြီမှန်း သိတဲ့အခါ အရာရာနောက်ကျသွားတတ်ပါသည်။

Click to comment

Most Popular

To Top