နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖူးမြော်မည့် အင်းလေးဖောင်တော်ဦးဘုရားပွဲ လုံခြုံရေးအင်အားတိုးမြှင့်ထား – iSeeMedia
Local

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖူးမြော်မည့် အင်းလေးဖောင်တော်ဦးဘုရားပွဲ လုံခြုံရေးအင်အားတိုးမြှင့်ထား

ညောင်ရွှေ့၊အောက်တိုဘာ ၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖူးမြော်မည့် အင်းလေးဖောင်တော်ဦးဘုရားပွဲ လုံခြုံရေးအင်အားတိုးမြှင့်ထားကြောင်း သိရသည်။

”အစိုးရအဖွဲ့က စီစဉ်ချထားတဲ့သူတွေရော၊ ရဲတပ်ဖွဲ့တွေရော NLD ပါတီက လူတွေရော အတိုင်ပင်ခံလာရောက်မယ့် ဘုရားပွဲတော် လုံခြုံရေးအတွက် အင်အားအများပဲချထားတယ်၊” ဖောင်တော်ဦးဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းကပြောသည်။

ဖောင်တော်ဦးဘုရားများသည် အောက်တိုဘာ ၄ ရက်မှ အောက်တိုဘာ ၆ ရက်ထိ ညောင်ရွှေမြို့နယ်အတွင်း ဒေသစာရီ ကြွချီမည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့က ခုဘုရားမှာပါ။ဒီနေ့ကတော့ ဘုရားကို အတိုင်ပင်ခံမလာပါဘူး၊အစီအစဉ်ထဲမပါဘူးပြောတယ်။မနက်ဖြန် ညောင်ရွှေမှာ ဘုရားတွေ ဒေသစာရီကြွချီတဲ့အခါမှာတော့ ဖူးမျှော်ဖို့ရှိပါတယ်”ဟု ဦးသန်းဝင်းကပြောသည်။

အောက်တိုဘာ ၄ ရက်တွင် စတင်ကျင်းပနေသည့် ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ခဲ့ခြင်းဖြစ်ကာ အောက်တိုဘာ ၃ နံနက်ပိုင်းမှစတင်၍ ညောင်ရွှေ မြို့နယ်အတွင်း လုံခြုံရေးအင်အား အထူးတိုးမြှင့်ချထား ခြင်းဖြစ်ကြောင်း၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်အား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ နယ်မြေခံအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့့် ရှမ်းပြည်နယ် NLD ပါတီမှ လူငယ်ပါတီဝင် ခန့်မှန်းခြေ ၁ဝဝ ကျော်တို့က သတ်မှတ်၍ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်ကတော့ လုံခြုံရေးမှာမပါဘူး၊ ကြိုဆိုရေးပဲလုပ်မယ်၊ အခု ကျွန်တော်ဦးဆောင်တဲ့အဖွဲ့အောက်မှာပဲ အင်အားက ၃ဝဝ လောက်ပါမယ်၊ နောက်ခရိုင်အဆင့် NLD တွေ နောက်မြို့နယ်ကသူတွေ အားလုံးပေါင်းလိုက်ရင် ကြိုဆိုရေးပဲထောင်ချီမယ်။’ဟု ညောင်ရွှေမြို့နယ် NLD ပါတီမှ ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (အောက်တိုဘာလ ၄ ရက်)၊ နံနက် ၁၀ နာရီခွဲတွင် ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ နေ့လယ်ပိုင်းတွင် အင်လေးကန်အတွင်း လှည့်လည်လေ့လာကြည့်ရှုခြင်းများပြုလုပ်ခဲ့ကြောင်း၊အောက်တိုဘာ ၅ ရက်နေ့တွင် ဖောင်တော်ဦးဘုရားများ ညောင်ရွှေမြို့နယ်အတွင်း ဒေသစာရီကြွချီခြင်းများ ဖူးမြော်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် NLD အစိုးရအဖွဲ့တာဝန်မယူခင်ကတကြိမ် ဖောင်တော်ဦးဘုရားပွဲသို့ လာရောက်ဖူးမြော်ခဲ့ဖူးသည်။

ဇွဲခန့်

Click to comment

Most Popular

To Top