အဂတိမှုဖြင့်စွပ်စွဲခံထားရသည့် BPI စက်ရုံမှူးဒေါက်တာအောင်ဇော်ကို ရဲက တရားရုံး၌ ချုပ်နှောင်ခွင့် (ရမာန်) ယူ၊ စက်ရုံဝန်ထမ်း ၁၀၀ ခန့် လာရောက်ဝန်းရံ – iSeeMedia
Local News

အဂတိမှုဖြင့်စွပ်စွဲခံထားရသည့် BPI စက်ရုံမှူးဒေါက်တာအောင်ဇော်ကို ရဲက တရားရုံး၌ ချုပ်နှောင်ခွင့် (ရမာန်) ယူ၊ စက်ရုံဝန်ထမ်း ၁၀၀ ခန့် လာရောက်ဝန်းရံ

ရန်ကုန်၊စက်တင်ဘာ ၁၉

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်လှစ်ခြင်းခံထားရသည့် BPI ဆေးဝါးစက်ရုံ၏ စက်ရုံမှူးဒေါက်အောင်ဇော်ကို အင်းစိန်မြို့နယ်တရားရုံးတွင် ယနေ့နံနက်ပိုင်းက ရုံးထုတ်ခဲ့ရာတွင် ရဲတပ်ဖွဲ့က တရားရုံး၌ ချုပ်နှောင်ခွင့်ယူခဲ့ကြောင်း သိရသည်။

၄င်းရုံးထုတ်မှုတွင် အဂတိလိုက်စားမှုဖြင့်စွပ်စွဲခံထားရသည့် BPI စက်ရုံမှူးဒေါက်တာအောင်ဇော်အား အင်းစိန်မြို့နယ် တရားရုံးက ချုပ်နှောင်ခွင့် (ရမာန်) ကို ခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။

ယင်းသို့ ရဲတပ်ဖွဲ့၏ ဒေါက်တာအောင်ဇော်အား ချုပ်နှောင်ခွင့်ပြုရေးအတွက် တရားရုံး၌တင်ပြခဲ့သည့် ရုံးထုတ်မှုတွင် BPI ဆေးဝါးစက်ရုံရှိ စက်ရုံဝန်ထမ်း ၁၀၀ ခန့်ကလည်း ဒေါက်တာအောင်ဇော်ကို လာရောက်ဝန်းရံမှုများပြုလုပ်ခဲ့ကြောင်းသိရ သည်။

ဒေါက်တာအောင်ဇော်အား လာရောက်ဝန်းရံမှုတွင် စက်ရုံဝန်ထမ်းများက စက်ရုံယူနီဖောင်းများကိုဝတ်ဆင်ဝန်းရံခဲ့သည့်အပြင် “ကိုယ်ကျိုးမဖက် – BPI အတွက်ဆောင်ရွက်တဲ့ စက်ရုံးမှူးကို ဝန်းရံစို့(စက်ရုံဝန်ထမ်းများ)” ဆိုသည့် စားသားပါ စာရွက်များကို ကိုင်ဆောင်ကာ ဝန်းရံခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ဒေါက်တာအောင်ဇော်အား ရုံးထုတ်လာစဉ်တွင်လည်း ဝန်းရံသူစက်ရုံဝန်ထမ်းများက ဒေါက်တာအောင်ဇော်အား မိုးကာအကျင်္ီြဖင့် ကာကွယ်ပေးခြင်း၊ ထီးများဖြင့်ကွယ်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စက်ရုံမှူးဒေါက်တာအောင်ဇော်ကို ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် စက်တင်ဘာ ၆ ရက်တွင် အင်းစိန်မြို့နယ်တရားရုံး၌ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ အမှုဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းတွင် ဒေါက်တာအောင်ဇော်အပေါ်ဝန်းရံမှုများအပြင် ဒေါက်တာအောင်ဇော်အနေဖြင့် ကိုယ်ကျိုးမဖက်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ဝေဖန်မှုများရှိလာခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ကပြန်လည်ရှင်းလင်းသည့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

စက်ရုံမှူးဒေါက်တာအောင်ဇော်ကို ဆေးဝါးစက်ရုံ(အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း) ကျောက်ဆည်တို့အတွက် သွေးကြောသွင်း ဆေးရည်ဘူးများထုတ်လုပ်ရန် ကော်စေ့များနှင့်စက်ပစ္စည်းများ ဝယ်ယူရာ၌ ကုမ္ပဏီနှင့်ပေါင်းကာ “ရိုက်စားခွင်များ” ဖန်တီးနေသဖြင့် အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည့်အတွက် ကော်မရှင်က စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒေါက်တာအောင်ဇော်အပေါ်အမှုဖွင့်တရားစွဲထားသည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မဖြစ်ကြောင်းသိရသည်။

iSee

Click to comment

Most Popular

To Top