ရဲရဲကြပ်တဲ့ ရဲကြပ်ကြီးရှင်လူ – iSeeMedia
Articles

ရဲရဲကြပ်တဲ့ ရဲကြပ်ကြီးရှင်လူ

ကား ဒက်ရှဘုဒ် ပေါ်က ရေဒီယိုက ရုတ်တရက် တတီတီ မြည်လာပြီး မော်နီတာမျက်နှာပြင်တနေရာမှာ အနီစက်ကလေးတခုက လင်းလိုက် မှိတ်လိုက်၊ စက်ဝိုင်းကွန်ရက်အထပ်ထပ်မှာ အဝါရောင်အလင်းစက်များကပြေးလွှားလှုပ်ရှားနေပါတယ်။
အနီရောင် မှိတ်တုတ်မှိတ်တုတ် အလင်းစက်က ပစ်မှတ်ဖြစ်ပြီး စက်ဝိုင်းကွန်ရက်ပေါ်က ပြေးလွှားနေတဲ့ အဝါရောင် အလင်းစက်များက 199 Patrol တွေဖြစ်ပါတယ်။
ပြဿနာက ဘာမှန်းမသိခင် ရဲကားအားလုံးက ပစ်မှတ်နေရာကို အတိအကျသိနေကြပြီး ပစ်မှတ်နဲ့ အနီးဆုံးကားက ရဲကြပ်ကြီးရှင်လူ ကိုယ်တိုင်မောင်းနှင်လာတာမို့ ရှင်လူက စတီယာရင်ကို ဂငယ်ပုံဆွဲကွေ့ရင်း ပစ်မှတ်ကိုသွားရာ အနီးဆုံးလမ်းထဲ ချိုးဝင်လိုက်ပါတယ်။

”ကယ်ကြပါအုံးရှင်.,ကျမကို လူနှစ်ယောက်၊နှောက်ယှက်နေပါတယ်၊ ကျမကိုဆဲဆိုပြီး ကားပြတင်းပေါက် ကနေ ဝက်အူလှည့်နဲ့ ထိုးနေပါတယ်”

ရှင်လူ ပစ်မှတ်နဲ့ နီးကပ်လာချိန်မှာပဲ ကာယကံရှင်ရဲ့ အသံက ရေဒီယိုက ထွက်ပေါ်လာတာကြောင့် ဖြစ်စဉ်ကိုအတိအကျ သိလိုက်ပါပြီ။ ပစ်မှတ်နဲ့ မလှမ်းမကမ်းမှာ ရဲကားကိုထိုးဆိုက်လိုက်ချိန်မှာပဲ ပရိုဘောက်စ်အဖြူတစီးကဆန့်ကျင်ဘက်ကိုကွေ့ပြီးဝူးခနဲ မောင်းထွက်သွားပါတယ်။

”ဟိုမှာ..ပြေးပြီ..ပြေးပြီ ၊အဲ့လူတွေပဲ ကျမကိုစော်ကားတာ”

ရပ်ထားတဲ့ ခဲပုပ်ရောင် ဆလွန်းကားထဲကအမျိုးသမီးက မောင်းထွက်သွားတဲ့ ကားကို လက်ညိုးညွှန်ရင်း ရှင်လူ့ကို တိုင်တန်းနေပါတယ်။ ရှင်လူ့ကားမော်နီတာထဲကြည့်လိုက်တော့ ရှင်လူ့ mission ကိုဝန်းရံနေတဲ့ကားတွေထဲက 199 D က ခုနကားမောင်းပြေးတဲ့ တဖက်လမ်းထိပ်မှာ အဆင်သင့်ရှိနေတာမို့ဟဲလို ဇီးကွက်မှ ညငှက်၊ ဇီးကွက်မှညငှက် ၊ပြောတာကြားလား ပစ်မှတ် ပရိုဘောက်စ် အဖြူရောင် အဲ့ဘက်ကို လာနေပြီ ကြားလား၊ ကြားရင်အကြောင်းပြန် ဒါဘဲ။ ညငှက်မှဇီးကွက်၊ ညငှက်မှဇီးကွက် ၊ကြားတယ်၊ဒါပဲ။ ရှင်လူက ကားပေါ်ကဆင်းပြီး ကာယကံရှင် မိန်းကလေးကားနားရောက်သွားချိန်မှာပဲ.

”ခုလို.. အချိန်မီရောက်လာပေးတဲ့ အတွက် ကျိုင်းစူးပါ ဦးဦးရဲကြီးရယ်၊ ကျမမှာ လူရမ်ကားတွေ လက်ချက်နဲ့ ဒီတခါတော့ အသက်ပါပြီ အောက်မေ့တာ၊ ရော့…အမောပြေ ကိုလာသောက်လိုက်ပါအုံး”

ရှင်လူက သူမလှမ်းပေးတဲ့ ကိုလာဘူးကိုမယူပဲ လက်ကာပြလိုက်ရင်း

”နိုး..နိုး..၊မသောက်တော့ပါဘူး၊ ခုအေးချမ်းသွားပါပြီ၊ ဘာမှမပူနဲ့တော့၊ ဦးလုပ်စရာရှိတာလေး ပြန်လုပ်ရအုံးမယ်၊ရှင်လူကပြောပြောဆိုဆိုနဲ့ လှည့်ထွက်လာပြီး ရပ်ထားတဲ့ကားဘေးအရောက် ကားထဲကရေဒီယိုက မက်ဆေ့ခ်ျ ဝင်လာပါတယ်

”ညငှက်မှ ဇီးကွက်၊ညငှက်မှဇီးကွက်၊ ပစ်မှတ်ကို ထိမ်းချုပ်လိုက်ပြီ၊ပစ်မှတ်ကိုထိမ်း ချုပ်လိုက်ပြီ၊ကြားလား”

ရှင်လူ စိတ်ကူးယဉ်လို့ကောင်းနေတုန်းမှာပဲ တပည့်ကျော် ပကိဏ်းလူ ရောက်လာတာကြောင့်
”ဘယ်က လှည့်လာတာလဲ ပကိဏ်းရ”
”သတိရတာနဲ့ ဆရာ့ဆီတမင်လှည့်ဝင်လာတာ၊ ဆရာနေရောကောင်းရဲ့လား”
”လူတော့ နေကောင်းပါတယ်ကွာ၊ စိတ်တော့ သိပ်နေမကောင်းဘူး”
”အမ်…ဆရာ့စကားက အဆန်းကြီးပါလား၊
စိတ်မကျန်းမာရင်တော့ ရွာသာကြီးနဲ့ နီးနေပြီ”
”တယ်လေ..ဒီကောင် ၊ငါ အကြမ်းပန်းကန်နဲ့ ကောက်ထုလိုက်ရ၊ စိတ်နေမကောင်းတာနဲ့ စိတ်မကျန်းမာတာက မတူဘူးကွ၊ စိတ်နေမကောင်းဘူးဆိုတာက ဒီနေ့ ဟောဒီ ငါတို့တနိုင်ငံလုံးကလူတွေ ခံစားနေရတာ၊မင်းပြောသလိုဆို အားလုံးရွာသာကြီးပို့ရမလို ဖြစ်နေပြီ။ မင်း သတင်းတွေနေ့တိုင်းနားမထောင်ဘူးလား၊ ဘာများပျော်စရာရှိလို့လဲ၊ ရေ မြေလေ မီး ဓာတ်ကြီးလေးပါးကအစ ခဏခဏဖောက်ပြန်နေပြီး စစ်ပွဲ (အဲလေ) တိုက်ပွဲသတင်းတွေကလည်း နေ့တိုင်းလိုလို၊ ဒီကြားထဲ သက်ငယ်မုဒိမ်းမှုကလည်း တီဗွီ ဆီးရီးဇာတ်လမ်းလိုပဲ ပြီးကိုမပြီးနိုင်ဘူး၊တနိုင်ငံလုံးက Victoria အမှုကို ကိုရီးယားဇာတ်လမ်းတွဲကြည့်သလို အခန်းဆက်တွေနဲ့ကြည့်နေရတယ် ၊ သရုပ်ဆောင်တွေကလည်းများမှများ၊ ဆရာမနှင်းနု ၊ ဒုရဲချုပ်၊ ဒေါ်ရွက်နုအောင် ၊ သက္ကမိုးညို၊ ဒရိုင်ဘာအောင်ကြီး ၊ ခုပဲ ဟိုဖေ့စဖုတ်ဆယ်လီ ဆရာဝန်မ
ဒေါက်တာမြဝတ်ရည် ဗွီဒီယိုကြည့်ရင်း အားမလိုအားမရဖြစ်ပြီး စိတ်ကူးယဉ်လိုက်တာ ငါတောင် 199 ကရဲကြပ်ကြီးဖြစ်သွားတယ်”
”ဟား ဟား…ဆရာကတော့လုပ်ချလိုက်ပြန်ပြီ”
”အေးကွာ…အဲ့ဒီ ဖေ့စဖုတ် ဆယ်လီ ဒေါက်တာ မြဝတ်ရည် ဆိုတာ ဟိုတခါ မီးသတ်နဲ့ပြဿနာဖြစ်ပြီး နာမည်ကြီးလာတာထင်တာပဲ၊ အဲ့တုန်းကတော့ငါလည်းသိပ်စိတ်မဝင်စားပါဘူး၊ ယဉ်မရပ်ရတဲ့ဧရိယာထဲဝင်ရပ်ရာက ပြဿနာဖြစ်လို့တင်တာ၊ ခုဟာကတော့ ငါ့တို့အားလုံးရဲ့ လုံခြုံရေးနဲ့ပတ်သက်နေလို့ စိတ်ဝင်စားသွားတာ”
”ဟုတ်ပ ဆရာရယ်၊ 199 က အာလေးလျှာလေးကြီးနဲ့ ခဏခဏ ပြန်ပြန်မေးနေပုံများ ကျနော်တောင် အသဲပေါက်တယ်၊ အောက်မှာ ဝိုင်းဆဲထားတဲ့ မန့်တွေလည်းအများကြီး ပဲ”
”အေး…အဲ့ဒါကြောင့် ငါလဲ အားမလိုအားမရဖြစ်ပြီး စိတ်ကူးယဉ်မိတာ”
”ဘလိုဒေများစိတ်ကူးယဉ်လိုက်သလဲ ဆရာရယ်၊ ပြောပြပါအုံး”
”တော်ပါပြီကွာ၊တကယ်တော့ ငါ့စိတ်ကူးကတောင် ခေတ်နောက်ကျနေပါပြီ၊ သူများတကာနိုင်ငံတွေမှာ 5G ကွန်ရက်သုံးပြီး Robo Cop ဆိုတဲ့ ရဲစက်ရုပ်တွေနဲ့ကင်းလှည့်နေကြပြီ၊ ဒီနေ့ခေတ်က မြေမြှုတ်မိုင်းတောင် ဝိုင်ဖိုင်တို့ ဘလူးတုတို့နဲ့ ခွဲနေတဲ့ ခေတ်ကြီးမှာ ခေတ်နောက်ကျန်နေတဲ့ Communication Infrastructure ဒိတ်အောက်နေလေတော့ ငါတို့ဘဝအကြောင်းတွေးမိတာ ရင်လေးစရာ”
”မပူပါနဲ့ ဆရာရယ်၊ ကျနော်တို့လည်း Intelsat 39 ဂြိုဟ်တု လွှတ်တင်ပြီးပါပြီ”
”အေး…အဲ့ဂြိုဟ်တု လွှတ်တင်လိုက်တုန်းက တခုကျန်သွာတာတော့ မင်းမသိလိုက်ဘူးမဟုတ်လား”
”အမ်…ဘာများပါလိမ့်ဆရာ”
”အဲ့ဒီ.. ခပ်တုံးတုံး ခပ်ထူထူ ခပ်အူအူ ခပ်အအ ခပ်ကြောင်ကြောင် အကောင်တွေပါ ဂြိုဟ်တုနဲ့ တပါတည်းထည့်ပြီးကမ္ဘာပတ်လမ်းကြောင်းထဲ ပို့ပစ်ရမှာကွ”
”တိန်….”

ရှင်လူ

Click to comment

Most Popular

To Top