ဘဝကျောင်းက ခေါင်းလောင်းသံ – iSeeMedia
Editorial

ဘဝကျောင်းက ခေါင်းလောင်းသံ

Editorial

အယ်ဒီတာအာဘော်

ရေသန့်ဗူးကောက်သည့် ကလေးငယ်လေးနှစ်ယောက်က ကျောင်းအပေါက်ဝမှာရပ်ပြီး ကျောင်းစာသင်ခန်းထဲ ကလေးတွေရဲ့ အော်သံဖတ်သံတွေကို အားကျစွာလား၊ အားငယ်ဝမ်းနည်းစွာလား မခွဲတတ်အောင် ငေးမျှော်ကြည့်နေပုံလေးက ဓာတ်ပုံလေးပေမဲ့ မြားတစင်းလို ရင်ကို စိုက်ဝင်သွားစေသည်။ အမေလက်ဆွဲရာနောက် ကျောပိုးအိတ်ကြီး မနိုင့်တနိုင်နှင့် တရွတ်တိုက်လိုပါသွားရင်း ကျောင်းစိမ်းနှင့်ကလေးငယ်၏ မျက်လုံးများက၊ ကားတွေတစီးပြီးတစီးထွက်လာသည့် ခပ်ကြွားကြွားဝင်းကြီးထဲက ကျောင်းကြီးထဲ ဘောင်းဘီတိုစကဒ်တို ကျောင်းဝတ်စုံသစ်သစ်လွင်လွင်နှင့် အချင်းချင်း အင်္ဂလိပ်လိုအော်ဟစ်ပြောဆိုနေသော သူနှင့်ရွယ်တူလေးတွေဆီကနေ မခွာနိုင်အောင် ဖြစ်နေမိသည်။

ကျောင်းနေအရွယ် မြန်မာကလေးများ၏ လေးပုံတပုံက ကျောင်းသို့ရောက်မလာဟု စာရင်းဇယားများက ပြဆိုနေသည်။ သုံးပုံတစ်ပုံက မူလတန်းပြီးသည်နှင့် ကျောင်းက ပျောက်သွားသည်။ အခြေခံပညာကို မသင်မနေရဆိုပေမယ့် ကွက်လပ်များကရှိနေဆဲ။ မိဘများ၏ လူမှုစီးပွားဘဝများနှင့် နိုင်ငံအနှံ့အပြား အခြေခံအဆောက်အဦ နိမ့်ပါးမပြည့်စုံမှုများက ဖြည့်လို့မပြည့်နိုင်သေး။ အခြေခံပညာပြီးဆုံးသွားသည့်တိုင် အရေးအဖတ်အတွက် မသွက်လက်ခဲ့ကြတော့ ပညာရေးစနစ်ကို အဖြေရှာကြရပြန်ဦးမည်။

လစာမလောက်လို့၊ ကျောင်းမှာ တခြားတာဝန်ပိုတွေပိကာ လစ်ဟင်းခဲ့လို့ အိမ်မှာစာခေါ်သင်ရင်း မီးဖိုချောင်စားရိတ်ကလေး ရှာတာကို မြန်မာ့ပညာရေးကို ဖျက်ဆီးသည့် တရားခံစာရင်းထဲထည့်လျှင်တော့ တရားမျှတလိမ့်မည်မဟုတ်ပါ။ ပါတိတ်ထမိ်န်ပညာရေးကို ရှုတ်ချနေရင်း ဒီမိုကရေစီနှင့်အတူ ဈေးကွက်ပညာရေးက တွဲပါလာသည်။ တစ်လ သုံးလေးသိန်းမှသည် ပညာသင်နှစ် တစ်နှစ် သိန်းလေးငါးဆယ်ပေးရသည့် ပုဂ္ဂလိကကျောင်းတွေ မိုးဦးမှိုတွေလို နေရာအနှံ့ အပြိုင်းအရိုင်းပေါ်လာသည်။ နိုင်ငံခြားသားဆရာတွေကို အထင်ကြီးပြီး မိမိကလေး မြန်မာပြည်မှာမွေးပြီး မြန်မာစာမတတ်တာကို ဂုဏ်ယူသည့်မိဘတွေ ပေါ်လာသည်။

ရှေးကျမ်းတစ်စောင်မှာတော့ မချမ်းသာသင့်သည့် လူမျိုးတွေထဲမှာ မင်းမှုထမ်းတွေ၊ ဆရာဝန်တွေနှင့်အတူ ကျောင်းဆရာတွေလည်းပါဝင်သည်။ ဒီဘက်ခေတ်မှာတော့ ကျောင်းဖွင့်စားတာ အကောင်းဆုံးစီးပွားရေးတစ်ခုဟု ပြောရမလို။ ဝိုင်းဆရာတွေ၊ ကိုယ်ပိုင်ကျောင်းဆရာတွေက တိုက်ဆောက် ကားစီးနေတာမြင်နေရသည်။ ပီတိစားသည့် တောကျောင်းဆရာမလေးတွေကတော့ အပျိုလေးတန်မဲ့ ထမီကိုပေါင်ရင်းအထိမကာ ချောင်းရေထဲဖြတ် ကျောင်းသွားကြရသည်။

ပြောင်းလဲချိန်တန်ပြီ အသံပေးပြီးတက်လာသည့် အစိုးရလက်ထက်မှာ ပညာရေး ပြုပြင်ပြောင်းလဲရေးက အသံအကျယ်ဆုံးဟု ဆိုနိုင်သည်။ စီးပွားရေး၊ နိုင်ငံရေး အဖက်ဖက်ကနိမ့်ကျရသည်အကြောင်းများထဲ ပညာအခြေခံချို့ယွင်းမှုက အဓိကဟု မြင်လာကြလို့လည်းဖြစ်သည်။ ဒါပေမဲ့ ပညာရေးဆိုတာက လူတိုင်း ကိုယ်ထင်ရာ ဝင်ပြောလို့ရသည့် ကိစ္စမဟုတ်။ ဒီနေ့တမျိုး၊ မနက်ဖြန်တမျိုး ချက်ချင်းဟိုပြောင်းဒီပြောင်းလုပ်ဖို့ မလွယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းဝင်ကြေးတွေလွတ်သွားတာ၊ စာအုပ်၊ ဝတ်စုံ ဖြည့်ဆည်းပေးနိုင်တာ၊ ဆရာဆရာမတွေထပ်ခန့်တာ စသဖြင့် လုပ်နိုင်တာကို အရင်စလုပ်ခဲ့တာကိုတော့ ကြိုဆိုရမည်။

ကိုယ့်အိမ်နားကကျောင်းလည်း ကျောင်းဆင်းကျောင်းတက်ဆို မိဘတွေက ကျောင်းဝင်းဝမှာ အုံခဲနေသည်။ တစ်လမ်းကျော်လောက်ကနေ ကားနဲ့လာကြိုတာမျိုးလည်း တွေ့ရနိုင်သည်။ အရင်ခေတ်တွေကလို ကျောင်းလွှတ်ချိန် အိမ်တန်းမပြန်ပဲ အဖေအမေ တုတ်ကောက်ပြီးလိုက်လာသည်အထိ လမ်းမှာ ဆော့ကစားမက်ခွင့်ရသည့် ဘဝမျိုး ဒီခေတ်ကလေးတွေမှာ မရှိတော့။ ဘာကိုမှယုံလို့မရသည့်အခြေအနေတွေက လူတွေရဲ့လွတ်လပ်ခွင့်ကို ပျောက်ဆုံးသွားစေခဲ့သည်။

အပေါင်ဆိုင်ရှင်သားက ပဲပြုတ်သည်သားနှင့် စက်ဘီးအတူစီးသည်။ မြို့နယ်မှူးသားက ဆိုက်ကားဆရာသားနှင့် တစ်ခုံတည်း အတူထိုင်သည်။ ရှေ့ခုံတန်းက ဆရာဝန်ကြီး သမီးလေးကို ခုံတတန်းကျော်က ကုန်စုံဆိုင်ရှင်သားက စက္ကူမြားနှင့်ပစ်တာ မျက်စောင်းထိုးခံလိုက်ရသည်။ တရုတ်နှစ်ကူးလည်း တစ်ဖွဲ့လုံး၊ မုန့်အစ်အသားအစ်လည်း တစ်ဖွဲ့လုံး၊ သီတင်းကျွတ် တန်ဆောင်တိုင်လည်း တစ်ဖွဲ့လုံး။ တရုန်းရုန်းနှင့် သူ့အိမ်ကိုယ်လည်၊ ကိုယ့်အိမ်သူလာ တစ်ဦးဘဝတစ်ဦး နားလည်ခဲ့ကြသည်။ နှစ်ပေါင်းများစွာအကြာ ဆရာကန်တော့ပွဲမှာ ပြန်ဆုံကြတော့ သူတို့သားသမီးတွေက သူတို့လို တစ်ကျောင်းတည်း မဟုတ်တော့။

အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ နိုင်ငံတကာကျောင်း၊ လူတန်းစားအလိုက် ကျောင်းတွေကွဲပြားကုန်ကြပြီ။ ကျောင်းအဆင့်အတန်းလိုက်ပြီး အရည်အချင်းတွေ မတူကြတော့။ တဆက်တည်း ဘဝအခွင့်အလမ်းတွေက မညီမမျှ။ အလုပ်အကိုင်တွေ လူတန်းစားအလွှာတွေ ကွာခြားကုန်ကြသည်။ ဆင်းရဲသည့်ဘဝကို ချမ်းသာသည့်ကလေးက မစာနာနိုင်သလို၊ ကြွယ်ဝသည့်လူတွေကို နုံချာသည့်ကလေးက နားလည်မှုမထားနိုင်တော့။ လူတန်းစားသွေးကွဲမှုအစ စာသင်ကျောင်းကဟု ပြောရမလို။

ဖတ်စာအုပ်နှင့် ကျောင်းဝတ်စုံ အရေးကြီးသလို သူငယ်ချင်း ထမင်းဗူးထဲက ကိုယ့်အတွက်ယူလာသည့် ဘဲဥတစ်ခြမ်းကလည်း လွမ်းစရာကောင်းပါသည်။ မတူညီတဲ့ဘဝတွေမှာ တူညီတဲ့ခင်မင်မှုတွေ ရှိခဲ့ကြောင်း ကဗျာတွေ ပုံတွေကပ်ထားသည့် ဗလာစာအုပ်အဟောင်းကလေးက မှန်ဘီရိုထဲမှာ တရိုတသေ ရှိနေသေးသည်။ စာသင်ကျောင်းလေးများက နေရောင်ကို စောင့်မျှော်နေသည်။ သူတို့ရဲ့ ရွေရောင် တံခါးချပ်တွေက အရောင်စုံပန်းကလေးများကို ရင်ဖွင့်ကြိုဆိုလျက်။

Click to comment

Most Popular

To Top