ရွှေတိဂုံစေတီတော် ကုန်းတော်ပေါ်မှာ ရွှေတိဂုံဘုရားကြီးကလွှဲရင် သူ့ထောင့်နဲ့သူ မွန်ဘုရင်များ၊ မြန်မာမင်းများ၊ မှူးမတ်စစ်သေနာပတိများ၊ ထွက်ရပ်လမ်း အားထုတ်သော ဘိုးဘိုးအောင်၊ ဓမ္မစေတီမင်းနှင့်တကွ ဘားမဲ့ဆရာတော်၊ ရှင်မထီးဆရာတော်၊ ရှင်အဇ္ဇဂေါဏ စသော ပုဂ္ဂိုလ်အကျော်အမော်များ တည်ထားကိုးကွယ်ခဲ့ကြတဲ့ ဘုရားများစွာ ရှိနေပါတယ်။
လောကီထွက်ရပ်လမ်းကို လေ့လာလိုက်စား အားထုတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တို့ဟာ ရွှေတိဂုံဘုရားကုန်းတော်ပေါ်မှာ ရှိတဲ့ ထူးခြားသော ကိုးဌာနသို့ လှည့်ပြီး ရှိခိုးပူဇော် အားထုတ်လေ့ရှိကြပါတယ်။
အဲဒီထူးခြားတဲ့ ကိုးဌာနကတော့
(၁) တဝဂူဆုတောင်းပြည့်ဘုရား
(၂) ဝိဇ္ဇာဇော်ဂျီဘုရား
(၃) ရှင်စောပုဘုရား
(၄) ရှင်မထီးဘုရား
(၅) ရှင်အဇ္ဇဂေါဏဘုရား
(၆) ဆံတော်တွင်းရုပ်ပွားတော်
(ရ) ဘိုးဘိုးအောင်ဘုရား
(၈) လက်ပက်လက်ဘုရား
(၉) ပြဒါးရှင်းဘုရား တို့ ဖြစ်ကြပါတယ်။
(၁) တဝဂူ ဆုတောင်းပြည့်ဘုရား ရွှေတိဂုံစေတီတော် အထက်ပစ္စယံအရှေ့ဘက် တည့်တည့်မှာ တည်ရှိပြီး ထိုတဝဂူဘုရားသို့ အမျိုးသားများသာ တက်ရောက်ဖူးမြော်ခွင့် ရတယ်လို့ သိရပါတယ်။
ပတ္တမြားမျက်ရှင်ဘုရားဟုလည်း ခေါ်တွင်ကြပါတယ်။ ဆုတောင်းပြည့် တဝဂူဘုရားဟာ အလွန်တန်ခိုးကြီးတဲ့အတွက် ဆုတောင်းပြည့်တယ်လို့ အလွန်ယုံကြည်ကြပါတယ်။
ရှေးအခါက မင်းညီမင်းသားတွေဟာ တဝဂူဘုရားကို တက်ပြီး ဆုတောင်းဆုယူမှုတွေ ပြုလုပ်ကြ၊ သစ္စာအဓိဋ္ဌာန်ပြုလုပ်တဲ့အခါ ပြုလုပ်တဲ့အတိုင်း အောင်မြင်ကြပါတယ်။ အချင်းချင်းသတ်ဖြတ်ပြီး ထီးနန်းလုယူကြ၊ ထီးနန်းအုပ်ချုပ်ကြတဲ့အတွက် အချင်းချင်း မသတ်ဖြတ်ကြစေရန်နဲ့ ကြီးစဉ်ငယ်လိုက်သာ မင်းသားလုပ်ကြစေရန်အတွက် မင်းညီမင်းသားများ တဝဂူ ဆုတောင်းပြည့်ဘုရား မဖူးမြော်ရဟု ထီးနန်းရှင်ဘုရင်များက အမိန့်စာချွန်တော် ထုတ်ပြန်ခဲ့ရတယ်လို့ မှတ်သားရပါတယ်။ အဲဒါကြောင့် တဝဂူဘုရားကို လူတိုင်းအလွယ်တကူ မဖူးမြော်နိုင်စေရန် တဝဂူဘုရားကို လူသူအရောက်အပေါက် နည်းတဲ့ နေရာမှာ လျှို့ဝှက်တည်ထား ကိုးကွယ်ကြတယ်လို့ ပြောစမှတ် ပြုကြပါတယ်။
