ဂန့်ဂေါခရိုင်ရှိ လမ်းလျှောက်ကျောင်းတက်နေရသည့် ကလေးငယ်များအတွက် Lesswalk နှင့် ယောလူငယ်အဖွဲ့ပူးပေါင်းပြီး စက်ဘီး ၄၉၂စီး လှူဒါန်း – iSeeMedia
Local

ဂန့်ဂေါခရိုင်ရှိ လမ်းလျှောက်ကျောင်းတက်နေရသည့် ကလေးငယ်များအတွက် Lesswalk နှင့် ယောလူငယ်အဖွဲ့ပူးပေါင်းပြီး စက်ဘီး ၄၉၂စီး လှူဒါန်း

စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ လမ်းလျှောက်ကျောင်း တက်နေရသည့် ကလေးငယ်များအတွက် Lesswalkမှကိုမိုက်သန်းထွန်းဝင်း ဦးစီးအဖွဲ့နှင့် ယောလူငယ်အဖွဲ့တို့က ပူးပေါင်းကာ စက်ဘီး ၄၉၂ စီးကို စက်တင်ဘာလ ၉ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

“လှူဒါန်းဖြစ်တာက Lesswalk ကိုမိုက်သန်းထွန်းဝင်းတို့နဲ့ ပူးပေါင်းပြီးလှူဒါန်းဖြစ်တာပါ။ တစ်မိုင်၊ နှစ်မိုင်ခရီးကို လမ်းလျှောက်ပြီး ကျောင်းတက်ရတဲ့ကလေးတွေကို စက်ဘီးလှူမယ်လို့ ကြော်ငြာထားတာတွေတယ်။ အဲဒါနဲ့ ကျွန်မတို့ ချိတ်ဆက်ပြီး စက်ဘီး ၄၉၂ စီးကို သွားရောက်လှူဒါန်းတာပါ။ ကိုမိုက်သန်းထွန်းဝင်းနဲ့စက်ဘီးကတော့ ဒါပထမဦး ဆုံးအကြိမ် လှူဒါန်းတာပါ” ဟု ယောလူငယ်အဖွဲ့ဘဏ္ဍာရေးမှူးဒေါ်ဇာဇာစန်းက isee media ကို ပြောကြားသည်။

စက်ဘီးများကို အ.ထ.က-ထီးလင်း၊ အ.ထ.က-ကျင်း ၊ အ.ထ.က-ဆင်စွယ် နှင့် အ.ထ.က ရေမျက်နီ ကျောင်းစသည့် ကျောင်းများ အပါအဝင် အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်းရှိ ကျောင်းသား ၄၂၉ ဦးအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ယောဒေသအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေဘေး၊ မီးဘေး စတဲ့ သဘာဝဘေးအန္တရာယ်တွေမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အတတ်နိုင်ဆုံးကူညီပံ့ပိုး ဆက်သွယ်ဆောင်ရွက်ပေးပါတယ်။ အခုလည်း စက်ဘီး မရသေးတဲ့ ကျောင်းတွေအတွက် နောက်နောင်အပတ်များမှာ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ယောလူငယ်အဖွဲ့ကို ပူးပေါင်းပါဝင် အားပေးဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်” ဟု ယောလူငယ်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ယောလူငယ်အဖွဲ့သည် ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် လိုအပ်နေသည့် နေရာများအား စုပေါင်း ကူညီပေးနေသော အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိရသည်။
အဖြူရောင်

Click to comment

Most Popular

To Top