အုပ်ဖွဲ့ပျံသန်းကြ – iSeeMedia
Editorial

အုပ်ဖွဲ့ပျံသန်းကြ

အိမ်ကအဖေလည်း ကြောက်ရ၊ ကျောင်းကဆရာမလည်း ကြောက်ရရှာသော ကလေးငယ်တယောက်၏ စာအံသည်ကို အမှတ်ရသည်။ နှစ်ဘက်စလုံးက အဆူအငေါက်လွတ်အောင်၊ သူကိုယ်တိုင်လည်း မဝေခွဲတတ်နိုင်အောင် ဝေဝါးရှုတ်ထွေးမှုမျိုးဖြင့် အံချလိုက်သည့်စာဟုလည်း ဆိုနိုင်သည်။

ကမ္ဘာမြေကြီးသည် ကျောင်းတွင်လုံး၍၊ အိမ်တွင်ပြားပါသည်တဲ့။ ထိုသဘောမျိုး တစ်နေ့က ကာတွန်းတစ်ပုဒ် ဖတ်လိုက်ရသည်။ မြန်မာ့စီးပွားရေးသည် အစိုးရပြောလျှင် ကောင်း၍၊ စီးပွားရေးသမားတွေ ပြောသောအခါ မကောင်းပါတဲ့။ နှစ်မျိုးကွဲနေသော အမှန်တရားကို သရော်လှောင်ပြောင်ခြင်း၊ မေးခွန်းထုတ်ခြင်းပဲ ဖြစ်ပါသည်။ အမှန်တရားဆိုသည်မှာ နှစ်ခုမရှိပါ။ နှစ်ခု ဖြစ်နေလျှင်လည်း ထိုအရာသည် အမှန်တရားမဟုတ်ပါ။ မြန်မာ့စီးပွားရေးသည် အစိုးရပြောသလို ကောင်းနေသည်ဆိုလျှင် စောဒက တက်စရာအကြောင်း မရှိသလို၊ စီးပွားရေးသမားတွေ ပြောနေကြသလို မကောင်းပါဆိုလျှင်လည်း အစိုးရက ဖုံးဖိစရာမလိုဟု ဆိုချင်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအစိုးရသည် ပြည်သူက ကြည်ဖြူမှုဖြင့် တင်မြှောက်ထားသောအစိုးရဖြစ်သလို၊ မိမိအာဏာ တည်မြဲရေးအတွက် ဖိနှိပ်အုပ်ချုပ်သော လူထုဆန့်ကျင်ရေးအစိုးရတစ်ရပ်လည်း မဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ အစိုးရနှင့်ပြည်သူ အပေးအယူမျှမျှ လုပ်ကိုင်ကြရမည့်အချိန်အခါတွင် ကောင်းတယ်၊ မကောင်းဘူး ငြင်းခုန်သံထွက်ပေါ်လာရသည်မှာ အကြောင်းမဲ့တော့ မဟုတ်နိုင်ပေ။ နှစ်ရှည်လများ လူမှုဆင်းရဲ ဒုက္ခတွင်းထဲ ပိပြားခဲ့ရသော ပြည်သူလူအများမှာ တိုင်းပြည်စီးပွား တိုးတက်ရေးကို အငမ်းမရ မျှော်လင့်နေကြသည်။

ထို့အတူ လူထုလိုအင်လိုလားချက်များကို ဖြည့်ဆည်းပေးရန် တလျှောက်လုံး စွန့်လွှတ်ရုန်းကန် တိုက်ပွဲဝင်လာပြီး လူထုတင်မြောက်မှုဖြင့် တိုင်းပြည်ကို ဦးဆောင်ခွင့်ရလာသည့် အစိုးရအနေဖြင့်လည်း၊ ပြဿနာအားလုံး၏ အရင်းအမြစ်ပမာဖြစ်နေသော စီးပွားရေးချွတ်ခြုံကျနေမှုမှ တိုင်းပြည်ကို ဆွဲထုတ်ဖို့ အားကုန်ထုတ် လုံ့လပြုနေကြသည်။ ထိုသို့သောအခြေအနေတွင် စီးပွားရေးကောင်းပါတယ်ကိုလည်း ယုံရခက်၊ စီးပွားရေးတွေပျက်နေပြီဆိုတာလည်း ယုံဖို့မလွယ် ကြုံနေကြရသည်။

ဤသည်ကို ကြည့်ခြင်းဖြင့် မြန်မာ့စီးပွားရေးသည် ယခင်ခေတ်များလို အသုံးချ အဖျက်ဆီးခံနေရသည်ဘေးထဲ ကျရောက်နေသည် မဟုတ်သည့်တိုင်၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကိုတော့ ဝန်ခံရပေမည်။ ထိုအခါ ဝိုင်းဝန်းအဖြေရှာရန် အပူတပြင်း လိုအပ်လာလေသည်။ ထိုအခါ မျက်မှောက်ကမ္ဘာ့ စီးပွားရေးဂယက်များ၊ ပြည်တွင်း နိုင်ငံရေးပြဿနာများနှင့် နောက်ပြန်ဆွဲချရန် ချောင်းမြောင်းနေသည့် မမြင်ရသောလက်များကြောင့် ပင်လယ်ထဲ မုန်တိုင်းမိသော လှေငယ်တစင်းလို ယိမ်းခါနေသော မြန်မာ့စီးပွားရေးအတွက် တခုတည်းသောမျှော်လင့်ချက်မှာ တိုင်းပြည်အပေါ် မှန်ကန်စွာထားရှိအပ်သည့် လူအပေါင်းတို့၏ စိတ်စေတနာပဲဖြစ်သည်။ လမ်းတူရင် လူချင်းတွေ့မည်။ စေတနာမှန်သူများ အလုပ်တခုမှာ ဆုံမိကြမည်မလွဲ။

ဒီအချိန်က ညီအကိုမသိတသိ ဖြစ်နေရတော့မည့် အချိန်မဟုတ်တော့ဟု သတိပေးချင်သည်။ စေတနာဆိုးသူများ သူတို့လမ်း သူတို့သွားပါစေ။ အစိုးရကောင်းနှင့် ကောင်းသောနိုင်ငံသားတို့သည် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦး၊ ပဲ့ ညီညီ အားထုတ်လှော်ခတ်ကြလျှင် လှေကွဲကြီးပင်ဖြစ်ပါစေ ကမ်းသို့ရောက်ကြရမည်သာ။ ကြိုးကြာငှက်တို့တွင် စကားဝှက်မရှိ၊ ခရီးကိုယုံသော တောင်ပံအစုံသာ ရှိသည်။

Click to comment

Most Popular

To Top