သဘင်လောကတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ဖြေရှင်းရန် တွေ့ဆုံညှိနှိုင်းပွဲများ နှစ်စဉ်လုပ်သွားမည် – iSeeMedia
Local

သဘင်လောကတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ဖြေရှင်းရန် တွေ့ဆုံညှိနှိုင်းပွဲများ နှစ်စဉ်လုပ်သွားမည်

မန္တလေး၊ ဩဂုတ် ၂၂

မြန်မာနိုင်ငံဇာတ်သဘင်အစည်းအရုံး(ဗဟို)နှင့် မန္တလေးမြို့ရှိ ဇာတ်၊ အငြိမ့် တည်ထောင်သူများ နှစ်စဉ်တွေ့ဆုံ ကာ သဘင်လောကတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် သဘင်လောကသားများတွေ့ဆုံပွဲကို ဩဂုတ် ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ယခု ကဲ့သို့ ညှိနှိုင်းမှုများ လုပ်ဆောင်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“သဘင်လောကသားတွေ အခက်အခဲ၊ အနုပညာဆိုင်ရာတွေနဲ့ အခြားသော ကိစ္စရပ်တွေကို ဘယ်လိုကူညီ လုပ်ဆောင်ပေးနိုင်မလဲ၊ စုပေါင်း ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆိုတာတွေကို တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဗဟိုအနေနဲ့လည်း ကူညီမှုတွေ ပေးနေပါတယ်” ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက ပြောသည်။

တွေ့ဆုံရာတွင် သဘင်လောကအခြေအနေ၊ သဘင် ဝါဏိဇ္ဇ ကိစ္စရပ်များ၊ သဘင်အနုပညာဆိုင်ရာများ၊ မူပိုင်ခွင့် ဆိုင်ရာကိစ္စများ၊ သဘင်လုပ်သား ငွေပေးပေးကျန် ကိစ္စရပ်များ၊ အဖွဲ့ အချိန်းအပြောင်းကိစ္စရပ်များ အပြင် အခြားသော လိုအပ်ချက်များ၊ လုပ်ဆောင်ရန်များကို တွေ့ဆုံညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဇာတ်တည်ထောင်သူတွေ အခက်အခဲတွေကတော့ အများကြီးပေါ့၊ ဒီထဲက ရာသီမကုန်မီ လုပ်သားတွေကို အခြားအဖွဲ့ကခေါ်ယူတာ၊ ငွေပေးငွေကျန် ကိစ္စတွေကို အဲဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တယ်၊ ငွေးပေးငွေကျန်ကိစ္စ မှာ ခိုင်မာတိကျတဲ့စာအုပ်လေးနဲ့ မကြာမှီမှာလုပ်ဆောင်ပေးမယ်လို့လည်းသိရတယ်၊ အဲလိုလုပ်ပေးရင်တော့ ဝါဏိစ္စတွေ ဖြေရှင်းရတာနည်းပါသွားမှာ ဖြစ်ပါတယ်” ဟု ပွဲဦးမင်းဇာတ်တည်ထောင်သူ ဦးလှခိုင်က ပြောသည်။

ဇာတ်သဘင်ကိစ္စနှင့်ပတ်သက်၍ အဓိက ရင်ဆိုင်လာရသည့် အခြေအနေမှာ မူပိုင်ခွင့်ကိစ္စဖြစ်ကာ ဗဟိုမှ အမြန်ဆုံး ဖြေရှင်ပေးမည်ဆိုပါက သဘင်လောက အတွက်များစွာ အကျိုးဖြစ်ထွန်းစေလိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါတွေ့ဆုံညှိနှိုင်းပွဲတွင် မြန်မာနိုင်ငံသဘင်စောင့်ရှောက်ရေးအသင်း၏ ပရဟိတလုပ်ငန်းများလုပ်ဆောင်ရန် အတွက် ဂီတကွန်ရက် (မန္တလေး)မှ ငွေကျပ်သိန်း၃၀ကိုလည်း လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
စူးရှ

Click to comment

Most Popular

To Top