မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပြောကြား – iSeeMedia
Local

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပြောကြား

ရန်ကုန် ဩဂုတ်လ ၂၀

မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၀၀ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၈ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၁ဘီလီယံအထိ တိုးတက်လာပြီး အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်မြို့၊ Novotel Yangon Max Hotel ၌ ကျင်းပသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ် လာစေရေးအတွက် မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ကုမ္ပဏီသစ်များ၊ ပြည်တွင်းနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတွင်ကျယ်လာသည်ကို တွေ့နိုင်ပါကြောင်း၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံ တွင် လာရောက် ရင်းနှီးမြှုပ်နှံသည်ကို ကြိုဆိုပါကြောင်း၊ ယခုအခါ သီလဝါအထူးစီးပွားရေး ဇုန် တွင် ကုမ္ပဏီပေါင်း (၁၀၈) ခုကျော် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ကုမ္ပဏီ ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်သော Suzuki နှင့် Toyota တို့ အပြင် Yakult Probiotic drink လုပ်ငန်းလည်း ပါဝင်ပါကြောင်းနှင့် မြန်မာ့စွမ်းအင်ကဏ္ဍတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံများကို ကြိုဆို ပါကြောင်း ပြောကြားသည်။

အဆိုပါ ဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဂျပန်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန်ကုန်သည်ကြီးများအသင်း၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့၊ ဂျပန်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် အမေရိကန် စီးပွားရေးဝန်ဆောင်မှုအဖွဲ့တို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ ဖိုရမ်ကို မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း(Myanmar Sustainable Development Plan-MSDP) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း(Myanmar Investment Promotion Plan-MIPP) တို့အရ မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများအား သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

အဖြူရောင်

Click to comment

Most Popular

To Top