တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသော အဓိကအချက်တစ်ခုဖြစ် – iSeeMedia
Local

တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသော အဓိကအချက်တစ်ခုဖြစ်

နေပြည်တော်၊ ဩဂုတ် ၁၇

တရားမဝင် ကုန်သွယ်မှုများက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အဟန့်အတား ဖြစ်စေသော အဓိကအချက်တစ်ခုဖြစ်ပြီး တရားမဝင် ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသည်နှင့်အမျှ တရားဝင် လုပ်ကိုင်သော လုပ်ငန်းများကို အဟန့်အတား ဖြစ်စေကြောင်း နိုင်ငံတော်၏ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယမန်နေ့နံနက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအခြေအနေ အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၈၄) နိုင်ငံအနက် (၈၂) နေရာတွင် ရပ်တည်နေပြီး ရမှတ်မှာ (၂၃) မှတ်သာ ရရှိသည်ကို တွေ့ရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အခြေအနေ အညွှန်းကိန်းကို ညွှန်းကိန်း (၄) ခုဖြင့် တိုင်းတာနေခြင်းဖြစ်ပြီး ၎င်းညွှန်းကိန်း (၄) ခုတွင် အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုရှိသည့် ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည်။

“ယခုကဲ့သို့ နှစ်အလိုက် ကုန်သွယ်မှုပမာဏများကို လေ့လာကြည့်ပါက ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ မြင့်တက်လာသော်လည်း နယ်စပ်ကုန်သွယ်မှု ပမာဏအနေဖြင့် လျော့ကျလာတာကို တွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်မှုပမာဏ လျော့ကျခြင်းသည် တရားမဝင်ကုန်သွယ်မှု မြင့်တက်လာခြင်းနှင့် ဆက်စပ်နေတာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရဲ့ နယ်စပ်ကုန်သွယ်မှုစာရင်းဇယားတွေကို လေ့လာရာမှာ စုစုပေါင်း ကုန်သွယ်မှုစာရင်းမှာ အမေရိကန်ဒေါ်လာ သန်း (၁၅၀) ကျော် ကွာဟမှုရှိနေတာကို တွေ့ရှိရသည့် အတွက် တရားမဝင် နယ်စပ်ကုန်သွယ်မှုပမာဏ မည်မျှ ကြီးမားမည်ကို မှန်းဆကြည့်နိုင်ပါတယ်။ ထို့အပြင် တရားမဝင် သစ်ခိုးထုတ်မှုသည် စီးပွားရေးကို ထိခိုက်စေတဲ့အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း ထိခိုက်စေပါတယ်။ ကုန်ပစ္စည်း အတုအပတွေ အထူးသဖြင့် ဆေးဝါးနှင့် အရက်အတုတွေဟာ စီးပွားရေးကို ထိခိုက်စေရုံသာမက စားသုံးသူများရဲ့ ဘေးကင်းမှုကိုပါ ထိခိုက်စေနိုင်ပါတယ်” ဟု နိုင်ငံတော်၏ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆက်လက်ပြောကြားခဲ့သည်။

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည့် အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအနေဖြင့် တရားမဝင် ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချနိုင်စွမ်းနည်းပြီး ရပ်တည်ရန် ခက်ခဲလာသည့် အတွက် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (၉) ခုတို့တွင် တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့များ ဖွဲ့စည်း၍ ဖမ်းဆီး အရေးယူမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ဖမ်းဆီး အရေးယူမှု (၆၆၉) ကြိမ်၊ ခန့်မှန်းတန်ဖိး ငွေကျပ် ၁၁ ဒသမ ၈၂၈ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယခုအခါမှာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များက စီးပွားရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးများကို အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းပြီး ဖြစ်သည့်အတွက် ယခင် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ် (၉) ခု၌ ဖွဲ့စည်းထားသော တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းသွားရန် လိုအပ်မည်ဟုလည်း ပြောဆိုခဲ့သည်။

အောင်ခန့်(နေပြည်တော်)

Click to comment

Most Popular

To Top