ဆင်သွားရင်လမ်းဖြစ်သတဲ့ – iSeeMedia
Feature

ဆင်သွားရင်လမ်းဖြစ်သတဲ့

ရှင်လူ(တိုးတိုးပြောသည်)

ရှင်လူတို့ ထင်ရာစိုင်းဒေသကြီးမှာ ”ဆင်သွားရင်လမ်းဖြစ်” ဆိုတဲ့ စကားပုံတခုရှိတယ်။ ရှင်လူ့အသိဉာဏ် တထွာတမိုက်နဲ့ ရိုးရိုးလေးတွေးကြည့်လိုက်တော့ ဆင်ဆိုတာက သက်ရှိသတ္တဝါမျိုးစိပ်တွေထဲမှာ အကောင်ကြီးမျိုး၊ ဒါကြောင့် တောထဲမှာ ဆင်တွေတိုးဝှေ့သွားရာတလျှောက်က သစ်ပင်ငယ်နဲ့ခြုံပုတ်တွေဟာ ဆင်အနင်းခံရလို့ ကျိုးပဲ့ ပြားချပ်ကုန်တဲ့အတွက် ဆင်သွားရာနောက်မှာ စွတ်ကြောင်းလမ်းဖြစ်ကျန်ခဲ့တာကို ပြောပုံရပါတယ်။

စကားအနေနဲ့ကတော့ ဥပမာအနေနဲ့ပြောကြတာပါ။ ဩဇာ အာဏာ ငွေကြေး အရှိန်အဝါ ရှိတဲ့သူတွေ လုပ်ရင် ဘာလုပ်လုပ် အရာထင်တာကို တင်စားကြတာပါ။ ဒီစကားပုံနဲ့ ဆန့်ကျင်ဘက်တွေကတော့
နှမ်းတလုံးနဲ့ ဆီမဖြစ်တို့၊ မြင့်မိုရ်တောင်ကို ဆီးစေ့နဲ့ ပေါက်တာတို့ ပဲပေါ့လေ။
အင်း..ရှင်လူ့ စိတ်ကူးကတော့ ဆင်လိမ္မာကြီးတွေ ကျန်းမာ လန်းဖြာပြီး ခရီးများများသွားနိုင်ကြပါစေ၊ ဆင်မိုက်ဆင်ရိုင်းကြီးတွေ H1 N1 ဆင်တုပ်ကွေးမိပြီး မြန်မြန်ဂိကုန်ကြပါစေ..ပေါ့…။

”ဆရာ့စာကလည်း ဘာတွေလဲဗျ”

စာရေးရင်းက ရှင်လူအပေါ့သွားချင်လို့ ခဏလေး နောက်ဘေးဘက်ဝင်နေတုန်း ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ တပည့်ကျော် ပကိဏ်းလူက ရှင်လူ့ရေးလက်စ စာမူ ကို ကောက်ဖတ်ရင်း မေးခွန်းထုတ်လာပါတယ်။

”ဟယောင်ရ ငါ့စာမူကပြီးမှမပြီးသေးဘဲ၊ မင်းဘယ်နားလည်ပါ့မလဲ”

”ဆရာရယ်..မပြီးသေးပေမဲ့ ဘာအကြောင်းရေးတယ် ဆိုတာလောက်တော့ ကိုယ့်တပည့်ကိုပြောပြရင် ဆရာ့ကို ဝေဖန် အကြံပေးနိုင်သေးတယ်လေ”

”အင်း..မင်းလို စာဖတ်ပျင်းတဲ့ကောင်က ငါ့စာကို ဝေဖန် အကြံပေးအုံးမယ် ဆိုတော့လည်း ပြောပြရတာပေါ့ကွာ၊ ဒီလိုကွ ဟောဒီ ဗလုံးရှုပ်ထွေးကမ္ဘာကြီးမှာ ငွေကြေး အာဏာ ဩဇာ အရှိန်အဝါကြီးတဲ့လူတွေကသာ အရာရာကို ခြယ်လှယ်နေကြတာကွ။ တကယ်တော့ မင်းတို့ငါတို့လို ပမွှားတွေဟာ ဘယ်လောက်တော်နေ တတ်နေပစေ သိတ်အရေးမပါနိုင်ဘူးကွ၊
ခု ဥပမာကွာ မင်းပါးစပ်က ”အားလုံးကို သေနတ်နဲ့ပစ်သတ်မယ်” လို့အော်ကြည့်စမ်း၊ ဘာဖြစ်သွားမလဲ”

”အာ…ဒါတော့မအော်ပါရစေနဲ့ ဆရာ၊ တော်ကြာ ကျနော့ကို ရွာသာကြီး ဖမ်းပို့ခံနေရပါအုံးမယ်”

”အေး…အဲဒါပဲကွ၊ မင်းအော်ရင်သာ ရွာသာကြီးရောက်မှာ၊ မင်းအရင် အော်သွားတဲ့ သူကျတော့ ရွာသာကြီးမရောက်တဲ့အပြင် လူတွေ လမ်းပေါ်မှာ အတုံးအရုံးသေကုန်ကြရတယ်”

”ဒီလို အော်ရုံနဲ့ သေရတယ်လို့ ဆရာရယ်၊ မဟုတ်ကဟုတ်က”

”တကယ်ဟုတ်တယ်ကွ မဆလပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပဲပစ်တယ် လို့ ကြုံးဝါးတဲ့ စကားဟာ ပေတရာလမ်းတွေပေါ် သွေးချောင်းစီးခဲ့တယ် ကွ”

”အင်း..ဒါတော့ဟုတ်တယ်..”

”အဲဒါကြောင့် ငါက ဆင်သွားရင်လမ်းဖြစ်တယ် ပြောတာ”

”ဒါနဲ့ H1N1 ဆင်တုပ်ကွေးနဲ့ကဘာဆိုင်လို့လဲ ဆရာရဲ့”

”အင်း..ဒါတော့ နည်းနည်း ရှင်းဖို့လိုတယ်၊ ဆင်ချင်းတူတူ ဆင်ကောင်းနဲ့ ဆင်ဆိုးကွာသေးတာကိုးကွ။ ကမ္ဘာပေါ်မှာ ဟစ်တလာတို့လို ဆင်ဆိုးကြီးတွေရှိခဲ့သလို လင်ကွန်းတို့ ဂန္ဓီတို့လို ဆင်ကောင်းကြီးတွေလည်းရှိသကွ။ မင်းကို လွယ်လွယ်ဥပမာပြရရင် မလေးရှားက မဟာသီယာမိုဟာမက်ကွာ အသက်၉၀ ကျော်မှ ရွေးကောက်ပွဲ ပြန်နိုင်သေးတယ်။ သူ့ကြောင့် မလေးရှားနိုင်ငံ တိုးတက်ချမ်းသာလာတာမို့သူ့ပြည်သူတွေက သူ့ကိုဆင်ဖြူရတနာလောက်ကို တန်ဖိုးထားကြတာ။ အဲ နောက်တယောက်ကတော့ ဇင်ဘာဘွေ သမ္မတ မူဂါဘီကွာ။ အသက် ၉၃ နှစ်တိုင်အောင် နိုင်ငံကို အနှစ် ၄၀နီးပါးဖိနှိပ်အုပ်ချုပ်ခဲ့တာ။
မူဂါဘီက ၁ နောက်ကနေ သုည ၁၄ လုံး ပမာဏရှိတဲ့ ကမ္ဘာအံ့ဩဖွယ် ပိုက်ဆံတွေကို ထုတ်ခဲ့တယ်၊ ပေါင်မုန့် တလုံးဝယ်ဖို့ရာ ပိုက်ဆံကို တောင်းနဲ့ လှည်း နဲ့ သယ်သွားရတဲ့အထိ ဖြစ်ခဲ့တဲ့ နိုင်ငံကွ။ ပြည်သူတွေက သူတို့ကိုယ်ကိုသူတို့ ထမင်းငတ်နေတဲ့ ဘီလီယံချီ ချမ်းသာတဲ့သူတွေ လို့ နာကျင်စွာ ပြောဆိုရလောက်တဲ့အထိ သူက တိုင်းပြည်ကို ဆိုးဆိုးရွားရွား အုပ်ချုပ်ခဲ့သူလည်း ဖြစ်တယ်။ သူ့ကို သမ္မတတာဝန်ကနေ ဖြုတ်ချအပြီး ပြည်သူတွေက လမ်းပေါ်ထွက် ကခုန်ခဲ့ကြတဲ့ အထိ ပျော်ခဲ့ကြလေတော့ သမ္မတဟောင်း မူဂါဗီဟာ ဆင်တော့ဆင်ပဲ ဆင်ရိုင်းဆင်မိုက်ကြီးလို့ တင်စားနိုင်သပေါ့ကွာ။

”ဒါကြောင့်..ဆရာက ဆင်အမျိုးအစားတွေကို ခွဲခြမ်းစိတ်ဖြာနေတာပေါ့”

”အေး…ဟုတ်တယ်၊ ငါတို့ ထင်ရာစိုင်းဒေသကြီးတခုလုံးလည်း ဆင်ရိုင်းတွေခဏခဏ ဝင်နင်းလို့ ပြားပြားဝပ်နေပြီ။ ဒါကြောင့် ငါက ဆင်သွားရင်လမ်းဖြစ်အောင် ဆင်ဖြူတော်ရတနာတွေပေါ်ပါစေ။ ဆင်နင်းပြီး ရွာမပြားအောင် ဆင်ရိုင်းဆင်မိုက်ကြီးတွေ H1N1 ဆင်တုပ်ကွေးမိပြီး မြန်မြန်ဂိပါစေလို့ ဝံသာနုရက္ခိတ မေတ္တာတွေပို့နေတာကွ။

အင်း ၈ လေးလုံးအမှတ်တရလည်း နီးလာပြီ။ ငါတို့ ထင်ရာစိုင်းဒေသကြီးရော ဒူးတင်ပေါင်တင်ရပ်ကွက်ကလေးရော အာချောင်ခြင်းဘေး၊ကင်းစင်ဝေး ၊ငြိမ်းအေးကြပါစေ….။

ရှင်လူ

Click to comment

Most Popular

To Top