စစ်ရေးနည်းနှင့်ဖြေရှင်းနည်းသည် မှန်ကန်သည့်နည်းလမ်းမဟုတ်ကြောင်း နားမလည်ပါက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဆက်လက်ရုန်းကန်ရဦးမည်ဟု ဦးမင်းကျော်ဝင်းပြော – iSeeMedia
Local

စစ်ရေးနည်းနှင့်ဖြေရှင်းနည်းသည် မှန်ကန်သည့်နည်းလမ်းမဟုတ်ကြောင်း နားမလည်ပါက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဆက်လက်ရုန်းကန်ရဦးမည်ဟု ဦးမင်းကျော်ဝင်းပြော

ရန်ကုန်၊ ဇူလိုင် ၂၆

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးတွင် စစ်ရေးနည်းဖြင့်ဖြေရှင်းနည်းသည် မှန်ကုန်သည့်နည်းလမ်း မဟုတ်ကြောင်းနှင့် ယင်းအခြေအနေကိုနားမလည်ပါက မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဆက်လက်ရုန်းကန်ကြိုးစားရမည့် အခြေအနေ တွင်ရှိကြောင်း မွန်ညီညွတ်ရေးပါတီ ဥက္ကဌ(ရန်ကုန်) ဦးမင်းကျော်ဝင်းက ပြောသည်။

”နှစ်ပေါင်းများစွာတိုင်အောင် ပြည်ထောင်စုထဲမှာနေထိုင်ကြတဲ့တိုင်းရင်းသားညီအစ်ကိုတွေ အချင်းချင်း ရဲ့လက်နက်ကိုင်တိုက်ခိုက်မှုအဖြေကို ဒီကနေ့အထိမရှာနိုင်သေးဘူးဗျ။ ဒီပဋိပက္ခဟာ နိုင်ငံရေးနည်း နဲ့မဖြေရှင်းဘဲ စစ်ရေးနဲ့ဖြေရှင်းခဲ့ကြလို့ဒီနေ့အထိမပြီးသေးဘူးဆိုတာလည်း နှစ်ဖက်စလုံးလည်း သိပါတယ်။ ပြဿနာရဲ့ဇစ်မြစ်ကိုသိနေပြီးသားနဲ့တောင် ဘာလို့လက်နက်ကိုင်ဖြေရှင်းဖို့ကြိုးစားနေကြတာတုန်း ကျွန်တော်တို့လည်းခဏခဏပြောပါတယ်။စစ်ရေးနဲ့ဖြေရှင်းတာဟာ မှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်ဘူး။ ဒါကိုမှနားမလည်သေးရင်လည်း မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးဟာ ဝေးနေဦးမှာပဲ တစ်ဖက်နဲ့တစ်ဖက်နားလည် မှုမရှိသေးရင် ရိုးသားမှုမရှိသေးရင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှေ့ဆက်ဖို့မဖြစ်နိုင်သေးဘူး။ ဆက်ပြီးရုန်းကန်နေရဦးမှာပဲလေ ဒါကျွန်တော့်တစ်ဦးထဲအမြင်ပါ”ဟု ၎င်းကပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ၂၀၁၁ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၈ခုနှစ်အတွင်းမှစ၍ ရပ်တန် နေခဲ့ကာ လက်ရှိအချိန်အထိ တရားဝင်ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်းမရှိသေးပေ။

”ပြည်တွင်းစစ် နှစ်၇၀က အကောင်းဆုံးဥပမာပဲလေ။ စစ်ကြောင့်တိုင်းပြည်ဟာ အဘက်ဘက်က နိမ့်ကျနေခဲ့ရ တာ အားလုံးအသိပဲလေ။ ဒီကနေ့ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မယ်ဆိုတဲ့ စကားတွေဟာ လက်တွေ့ ကျဖို့လိုမယ်။အခက်အခဲတွေရင်ဆိုင်ရမယ်ဆိုပေမယ့် ညီညွတ်စွာနဲ့ရိုးသားမှုအပြည့်နဲ့သွားကြမယ်ဆိုရင် ပန်းတိုင်ကိုရောက်မှာပါ။ကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းစစ်ဟာ ပြီးဆုံးသင့်တာနောက်တောင်ကျနေပါပြီ”ဟု ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှုး ဦးမန်းကျော်ငြိမ်းက ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ကို ၂၀၁၅ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ဖွဲ့က ပါဝင်လက်မှတ်ရေးထိုးထားခဲ့ပြီး ၂၀၁၈ခုနှစ်တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့မှာ NCAစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
ကိုဖူးသစ်

Click to comment

Most Popular

To Top