ပေါင်လူုကြီးမင်းနဲ့ ရှင်လူ ရှင်လူ (ပြောပြသည်) – iSeeMedia
Articles

ပေါင်လူုကြီးမင်းနဲ့ ရှင်လူ ရှင်လူ (ပြောပြသည်)

”ကဲ ပြော.. ဒီတပတ် မင်းမေးချင်တာက မြန်မာဂြိုဟ်တု Intelsat 39 အကြောင်းလား၊ ခြေဥ ပြင်ဖို့ကိစ္စလား ၊ ဒါမှမဟုတ် လတ်တလော စစ်နေတဲ့Victoria အမှုလား”

ဒီတပတ်တော့ တပည့်ကျော် ပကိဏ်းလူ ရှင်လူ့ အခန်းရောက်မဆိုက်မှာပဲ ရှင်လူက အဆင်သင့် မေးခွန်းခေါင်းစဉ်တွေချပေးခဲ့ပါတယ်။ ဒီတော့ ပကိဏ်းက ပြုံးတုံ့တုံ့နဲ့

”ဒီလိုတော့လည်း ကျနော့ဆရာက အလိုက်သိသားပဲ”
”အောင်မာ..အလိုက်သိတာမဟုတ်ဘူးဟယောင်၊ ငါကိုယ်တိုင်ကလည်း ပြောချင်နေလို့ စိတ်ထဲရှိနေတာတွေကွ”

”ကဲပါ..ဆရာရယ် ၊ဆရာပြောချင်နေမှတော့ ကျနော်မေးချင်နေတာက Victoria အမှုကို အနုပညာရှင်တွေအပါအဝင် ဝန်းရံနေကြတော့ တယောက်က ဖေ့စဖုတ်ပေါ်မှာ ရေးတယ်၊ ရခိုင်က စစ်ပြေးဒုက္ခသည်
ကလေးတွေ ဒုက္ခရောက်ပြီး ကျောင်းမတက်ရတာ ကျတော့ ဘယ်ကောင်မှ အသံမထွက်ဘူး တဲ့”

”အင်း သူကလည်း သူ့ခံစားချက်နဲ့ပေါ့ကွာ၊ တကယ်တော့ သက်ငယ်မုဒိမ်းမှုကလည်း Victoria မှမဟုတ်ပါဘူး။ နေ့စဉ်လို ကြားနေဖတ်နေရတာပါ။ ဒီထဲက Victoria မှ ဘာလို့ပိုပြီး အဖြစ်သည်းနေလဲ ဆိုတော့ မြန်မာစကားမှာ ဥပစာ ဆိုတာရှိတယ်။ သိသာထင်ရှားတဲ့အရာပေါ့ကွာ။ Victoria အမှုဟာ စတင်ပေါ်ပေါက်လာကတည်းက ကြောင်းကျိုးမဆီလျှော်တဲ့ လေ့လာဆန်းစစ်ချက်တွေအရ ကြီးကျယ်သွားပြီကွ။ ပြီးတော့ ကြားနေရတဲ့သတင်းဖြစ်စဉ်တွေမှာ ရဲရဲ့ ကိုင်တွယ်ပုံကို လူတွေ အားမလိုအားမရ ဖြစ်တာကစတာပဲ”

”အင်း..ကျနော်လည်း အဲ့လိုပဲထင်တယ်”

”နောက်ပြီး.. ဒီကိစ္စရဲ့ နောက်ကွယ် အရင်းခံပြဿနာက လက်ရှိနိုင်ငံရေးအခင်းအကျင်းကို လူတွေရင်ထဲမှာရှိနေတဲ့ သံသယအစိုင်အခဲ ကြောင့်လည်းပါတယ် ကွ”

”ဘယ်လို သံသယလည်း ဆရာရဲ့”

”အင်း..သံသယဆိုတာက ကွာ၊ တရားခံအစစ်တွေမဖော်ထုတ်နိုင်ခဲ့တဲ့ အမှုကြီးတွေမျိုးပေါ့ကွာ၊ မင်္ဂလာဒုံလေးလောင်းပြိုင်သတ်မှုတို့ ကြည်လင်းအမှုမှာ တရားခံပြေးအောင်ဝင်းခိုင်ကွာ၊ ဦးဝီရသူအမှုကွာ။ ဒါတွေက သိသာထင်ရှားတဲ့အမှုတွေပဲကွ။ လူတွေက တရားစီရင်ရေးနောက်ကွယ်မှာ လက်မည်းကြီးရှိနေတယ်လို့ သံသယဝင်နေကြတာ။ တကယ်တော့ ခု Victoria အမှုဟာ ခုမှ စစ်ရုံရှိသေးတယ်၊ အမှုစွဲအတင်ခံရတဲ့အောင်ကြီးရော လူတွေအာရုံထားနေကြတဲ့ ကိုကိုညီညီရောဟာ တရားရုံးက ပြစ်ဒဏ် မချမှတ်သေးရင် သူတို့ကိုသံသယအကျိုးခံစားခွင့်အရ အပြစ်ရှိသူလို့ မဆိုထိုက်ဘူး”

”ဒါဖြင့်..ဘာလို့ ကြိုပြီး အပြစ်တင်နေကြသလဲ”

”အေး..အဲဒါမျိုးကို Prejudice ခေါ်တယ်၊ အမှန်ကို မစူးစမ်းနိုင်သေးဘဲ အစွဲတွေနဲ့ ဆုံးဖြတ်တာပေါ့ကွာ၊ ဒီလိုအမှုမျိုးကို ရဲက အမှုတည်ဆောက်ပြီး တရားရုံးကိုတင်လိုက်ပေမယ့် စီရင်ရမယ့်တရားသူကြီးလည်း အန္တရာယ်များလှတယ်၊ အင်းပရိတ်သတ် အလိုနဲ့ကတော့ ပေါင်ချိန်လို တရားသူကြီးမှဖြစ်မှာပဲ”

”ဟားဟား ဆရာကတော့ လုပ်ချလိုက်ပြန်ပြီ”

”အေးလေ သတ္တိ သစ္စာ သမာဓိမှာ ပေါင်ချိန်ဟာ Role model ပဲ၊ ဒါနဲ့ ပကိဏ်းရေ ၊မင်း Time travel ဆိုတာသိလား”

”ဘာ Time travel လဲ ဆရာရဲ့”

”အချိန်ခရီးသွား ဆိုတာကွာ”

”ဩော် ရုပ်ရှင်တွေ ဘာတွေထဲမှာ အနာဂတ်ကာလကို ရောက်သွားတာတို့ဘာတို့ကို ပြောတာ မဟုတ်လား”

”အေး အင်မတန်ဝေးလွန်းတဲ့ အတိတ်ကာလတခုကို လှမ်းပြီးတရားစီရင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုအကြောင်းပြောပြချင်လို့”

”ပြောပါဆရာ ဆရာ့ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းလာပြီ”

”လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်တုန်းက အကြောင်းတိုက်ဆိုင်လို့တွံတေးဘက်ကဓနုတ်ဘုရားကိုငါရောက်ခဲ့တယ်၊ အဲ့တုန်းက ဘုရားကမပြိုမပျက်သေးပဲ ရှေးပုံစံအတိုင်းရှိသေးတယ်၊ ငါလည်းရောက်တုန်းရောက်ခိုက် ဒေသခံရွာသားအဖော်နဲ့အတူ ဘုရားကို လှည့်ပတ်ဖူးတာပေါ့ကွာ။ အဲ့တုန်းကဆို ဘုရားတန်ဆောင်းတွေမှာ လူပျံတော်ပတ္တမြားကလှူထားတဲ့ ပန်းဆွဲပန်းပုလက်ရာတွေလည်းတွေ့ခဲ့ရတယ်။ အဲ့မှာ အနောက်ဘက်တန်ဆောင်းရောက်တော့ ရွာခံမိတ်ဆွေက တန်ဆောင်းပေါ်က ပန်းဆွဲကနုတ်ပန်းပုရုပ်ကိုလက်ညိုးထိုးပြီး ”အဲဒါ ဝေသန္တရာဇာတ်ပေါ့ဗျ” တဲ့။ငါလည်းသူပြတဲ့နေရာကြည့်လိုက်တော့ ကဏှာနဲ့ ဇာလီကို အလှူခံလာတဲ့ ဇူဇကာပုဏ္ဏားက ဆူးခက်နဲ့ ရိုက်နေတဲ့ပုံ တွေ့ရတယ်”

”ဩော်.ဟုတ်သားပဲ၊ ဟိုဟာက ဇူဇကာပုဏ္ဏား မဟုတ်လား” ဆိုတော့ ”ဟုတ်ပါတယ်၊ ဒါပေမယ့် ဇူဇကာပုဏ္ဏားမှာ နားရွက်တဖက်မရှိတော့ဘူး ဆရာကြီး”
”ဗျာ”
သူ့စကားကြောင့်အံ့ဩပြီး အသေအချာကြည့်လိုက်တော့ဇူဇကာပုဏ္ဏား နားရွက်နေရာပဲ့နေတာတွေ့လိုက်ရတယ်။ ဒါနဲ့ ငါလည်း သူ့ကိုထပ်မေးလိုက်မိတယ်
”ဇူဇကာက ဘယ်လိုဖြစ်ပြီးနားရွက်တဖက်ပြတ်သွားရတာလဲ ဗျာ”ပေါ့။
”ဒီလို ဗျ ဂျပန်ခေတ်တုန်းကပေါ့ဗျာ၊ ဂျပန်စစ်သားတွေ ဓနုတ်ဘုရားကိုရောက်လာတယ်၊ အဲဒါအရက်မူးနေတဲ့ဂျပန်စစ်သားတယောက်က ခုပန်းဆွဲပုံကိုကြည့်ပြီး ကျနော့ဘကြီးကိုမေးတယ် ”ဒါ…ဘာပုံလဲ” ပေါ့၊ အဲတော့ ကျနော့ဘကြီးက ဂျပန်လိုအတန်အသင့်တတ်တော့သူနားလည်အောင် ဇူဇကာပုဏ္ဏား ကသားတော်လေးနဲ့သမီးတော်လေးကိုနှိပ်စက်တဲ့အကြောင်းရှင်းပြလိုက်တော့ တခါထဲ ခူးရား ဆိုပြီး သူ့လက်ထဲက လိုင်ဖိုနဲ့ပစ်ထည့်လိုက်တာ ဇူဇကာပုဏ္ဏား နားရွက်တဖက်ပြတ်သွားရတာပါပဲ ဆရာရယ်”တဲ့

”ဟားဟား..တယ်လက်မြန်တဲ့ မာစတာပဲ”

”အေး. အဲဒါပဲ၊ မြဲမြဲ မှတ်ထား ပကိဏ်းရေ၊ ဒါလည်း Prejudice တမျိုးပဲ၊ သူ့အရင်နှစ်ပေါင်းများစွာက ဝေသန္တရာ ဇာတ်တော်ထဲက ဇူဇကာပုဏ္ဏားကိုတောင် သူ့အကုသိုလ်နဲ့သူ ၊နောက်ဆုံး စားပိုးနင့်သေအောင်မစောင့်နိုင်ပဲ လိုင်ဖိုနဲ့ အကျဉ်းနည်း တရားစီရင်ခဲ့တဲ့ မာစတာကြီး ရဲ့ မာရှယ်လော စစ်ခုံရုံးနဲ့ ပေါင်ချိန် ၊ မင်းဘယ်ဟာကြိုက်လဲ ရွေးစမ်း”

”အမ်…ကျနော့ကို တရားခံရှာပြန်ပြီ ဆရာကလဲ၊ ဘယ်သူမဆို ပေါင်ချိန်ပဲ ကြိုက်ကြမှာပေါ့ဆရာရဲ့…”

”အင်း…..ဝေ ဝေ……ဝူ…..ဝူ….ဝူ….”

ရှင်လူ

Click to comment

Most Popular

To Top