NLD ပါတီ ဗဟို သုတေသနလုပ်ငန်းအဖွဲ့အတွင်းရေးမှုးအား တာဝန်မှ ယာယီသာရပ်ဆိုင်းထားခြင်းဖြစ်၊ တိုင်ကြားမှုအပေါ်မစိုးရိမ်ဟုကာယကံရှင်ပြော – iSeeMedia
Local

NLD ပါတီ ဗဟို သုတေသနလုပ်ငန်းအဖွဲ့အတွင်းရေးမှုးအား တာဝန်မှ ယာယီသာရပ်ဆိုင်းထားခြင်းဖြစ်၊ တိုင်ကြားမှုအပေါ်မစိုးရိမ်ဟုကာယကံရှင်ပြော

ရန်ကုန်၊ ဇူလိုင် ၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ပါတီလုပ်ထုံးလုပ်နည်းပုဒ်မ ၇ (၁) အရ စုံစမ်းစစ်ဆေးမှုလုပ်နေဆဲကာလတွင် ပါတီတာဝန်များမှ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။ ဦးဉာဏ်ဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေသည်ဟု သိရပြီး တိုင်ကြားမှုအပေါ်စိုးရိမ်မှုမရှိကြောင်း ဦးမျိုးရန်နောင်သိမ်းက ဇူလိုင် ၂၅ ရက်တွင်ပြောသည်။

”တိုင်တဲ့သူရှိတော့ စစ်ဆေးရတဲ့သဘောပါ၊ တာဝန်ကရပ်ဆိုင်းတယ်ဆိုတဲ့သတင်းတွေက မဟုတ်ပါဘူးဗျာ။

စစ်ဆေးရေးအဖွဲ့မှာ CEC သုံးယောက်ပါတယ်။ ကျွန်တော့်ကိုစစ်နေတယ်။ ဘာကိစ္စတိုင်တယ် ဘယ်လိုတိုင်တယ်ဆိုတာလည်း ကျွန်တော်မသိဘူး။ ကျွန်တော်ကတော့အရေးကြီးမယ်မထင်ဘူး။ ဒီအတွက်လည်း စိုးရိမ်မှုမရှိပါဘူး။ ခုဟာကစစ်ဆေးနေတဲ့ကာလဆိုတော့ တာဝန်တွေကို ယာယီတော့ရပ်ဆိုင်းထားတဲ့သဘောပါ။ တာဝန်ရပ်နားတာတို့ထုတ်ပယ်တာတို့မဟုတ်ပါဘူး” ဟု၎င်းကပြောသည်။

“ သူ့နဲ့ပတ်သက်တဲ့ တိုင်စာရလို့ စုံစမ်းစစ်ဆေးမှာဖြစ်လို့ ဒီကာလ တာဝန်ခတ္တရပ်ထားတာပါ။ အခုမှ စ ပြီး စစ်မှာဆိုတော့ ကျနော်တို့ ဘာမှ ပြောလို့ မရသေးပါဘူး။ စစ်ပြီးမှ ဘယ်လို အရေးယူမလဲ သိရမှာ” လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဝင်များအားစစ်ဆေးခြင်းအရေးယူခြင်းများကို ဖိဖိစီးစီး ဆောင်ရွက်လာမှုများရှိနေပြီး မကြာခင်ရက်ပိုင်းအတွင်းကလည်း ပါတီဗဟိုကော်မတီဝင် ဦးအောင်စိုး အပါအဝင် တနင်္သာရီတိုင်းက ပါတီဝင်သုံးဦးကိုလည်း စုံစမ်းစစ်ဆေးမှုများလုပ်ခဲ့သည်။ ထို့နောက် မကြာမီ ဦးအောင်စိုးက ပါတီမှ နှုတ်ထွက်ကြောင်း နှုတ်ထွက်စာကို ဇူလိုင်လ ၂၄ ရက်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

”ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်တဲ့ တိုင်စာတွေကတော့ တောက်လျှောက်ရောက်နေတာ၊ ကျနော်တို့က ဒါတွေကို စိစစ်ပြီး တိုင်တဲ့သူတွေကိုရော တိုင်ခံရတဲ့သူတွေကိုရော စစ်ဆေးရပါတယ်။ အသေးစိတ်ကိုကတော့ ပါတီတွင်းကိစ္စဖြစ်လို့ ပြောပြလို့ မရပါဘူး” လို့ ဒေါက်တာမျိုးညွန့်ကပြောသည်။

ကိုဖူးသစ်

ဓာတ်ပုံ / ဦးမျိုးရန်နောင်သိမ်း Facebook

Click to comment

Most Popular

To Top