အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ အောက်ခြေလွတ်ကာ ထင်ရာလုပ်နေကြဟု NLD ပါတီဒုက္ကဋ္ဌ ထုတ်ဖော်ပြောဆို – iSeeMedia
Local

အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ အောက်ခြေလွတ်ကာ ထင်ရာလုပ်နေကြဟု NLD ပါတီဒုက္ကဋ္ဌ ထုတ်ဖော်ပြောဆို

နေပြည်တော်၊ ဇူလိုင် ၂၂

အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အောက်ခြေလွတ်သွားသည့်အကြောင်း ကို NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က NLD ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့သည်။

အစိုးရဝန်ကြီးများသာမက လွှတ်တော်ကိုယ်စားလှယ်များကပါ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေကြသည့် အကြောင်းကိုပါ ဒေါက်တာဇော်မြင့်မောင်က ထည့်ပြောခဲ့သည်။

“ကျွန်တော်တို့ ခယောင်းတောကြီးတောင် ဖြတ်ခဲ့ကြပြီးပြီပဲ။ ဘာမှမဖြစ်ဘူး၊ အခုလို ရောင်နီကာလရောက်မှ ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ် ပွတ်တိုက်မှု၊ ပါတီကို ကျောခိုင်းသွားတယ်။ ပါတီရဲ့စကားကို နာမထောင်တော့ဘူး။ ဒါတွေ ရှိလာတယ်၊ ဖြစ်လာတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ပါတီအောက်တွင် အစိုးရနှင့်လွှတ်တော်ရှိကြောင်း၊ ထိုသို့ပြောရခြင်းက ပါတီက တာဝန်ပေး၍သာ အစိုးရတာဝန်၊ လွှတ်တော်တာဝန်များကို ထမ်းဆောင်ကြရကြောင်း ထိုသို့ဆိုလျှင် အောက်ခြေလွတ်စရာ၊ဘဝင်မြင့်စရာ မရှိဟု ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။

“ကျွန်တော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့ စကားကို နေရာတိုင်းမှာပြောပါတယ်၊ အဲဒါဘာလဲဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ကျွန်မယုံတယ်၊ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်တာ ယုံတယ်တဲ့၊ မယုံစရာကို မရှိဘူး၊ ကျွန်တော်တို့က သက်သေပြခဲ့ပြီးပြီ။ နှစ်ပေါင်းများစွာ ဆင်းရဲဒဏ်ခံခဲ့တယ်။ ဒါပေမဲ့ ချမ်းသာတဲ့ ဒဏ်မခံနိုင်မှာစိုးတယ်တဲ့၊ ကျွန်တော်တို့ ဒီလိုဝေဖန်မှုတွေ ပြစ်တင်ရှုံ့ချမှုတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာဖြစ်တယ်၊ ဝန်ကြီးတွေ ဘာဖြစ်တယ်။ အဲ့ဒါအားလုံးဟာ ချမ်းသာတဲ့ဒဏ် မခံနိုင်လို့ ဖြစ်လာတယ်ဆိုရင် မမှားဘူး” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောဆိုခဲ့သည်။

နဒီ

Click to comment

Most Popular

To Top