ဂူဂယ်ခေါက်ခေါက် ဘာခေါက်ခေါက်၊ များများလေးသာခေါက် – iSeeMedia
Articles

ဂူဂယ်ခေါက်ခေါက် ဘာခေါက်ခေါက်၊ များများလေးသာခေါက်


ရှင်လူ (အားအားယားယားခေါက်သည်)

ရှင်လူ စာဖတ်နေရင်း မျက်စိညောင်းတာနဲ့အိမ်ရှေ့ခြံဝင်းထဲ ဟိုငေးဒီငေး နားနေတုန်း တပည့်ကျော် ပကိဏ်းလူတယောက်သူ့စက်ဘီးဝါလေးတွန်းရင်း ဝင်လာပါတယ်။

”ဆရာရေ…ကျနော်တို့ မြန်မာနိုင်ငံက ကိုယ်ပိုင် ဂြိုဟ်တု လွှတ်တင်တော့မယ်တဲ့ဗျ”

”ဟေ…ဟုတ်လား၊ ဘယ်နေ့လွှတ်မတဲ့လဲ”

”ခု.. ဇူလိုင်လ ၂၄ ရက်..တဲ့ ”

”ဩော်…ဘယ်ကလွှတ်တင်မှာလဲ”

”အဲ…ဝိတိုရိယအငူက ဖြစ်ချင်ဖြစ်မှာပေါ့ဆရာ၊ ဒါတော့ သေချာမပြောနိုင်ဘူး”

”အင်း…ဒုက္ခပဲ”

”ဘာဖြစ်လို့လဲဆရာ”

”တရုတ်နဲ့ အိန္ဒိယ က အာကာသစစ်ပွဲအတွက် ပြင်နေပြီ၊ တလောတုန်းကဆို တရုတ်က ဂြိုဟ်တု အဟောင်းတလုံးကို မလွဲတန်း တိတိကျကျ ပစ်ချဖျက်ဆီး နိုင်ခဲ့သတဲ့”

”ဒါဆို ဘယ်လိုလုပ်ကြမလဲဆရာရဲ့”

”လွယ်ပါတယ်ကွာ”

”ဗျာ…လင်းပါအုံး ဆရာရယ်၊ ကျနော်တော့ မတွေးတတ်တော့ဘူး”

”အေးကွာ… အမြန်လမ်းကနည်းပဲသုံးရတော့မပေါ့”

”ဘယ်လို များလဲဆရာ”

”မင်း…လေးခွနဲ့ ကုံးသီးတွေယူပြီး ဂြိုဟ်တုနဲ့ တခါထဲ လိုက်သွားပေါ့ကွာ”

”အာ..ဆရာကလဲ..အဟုတ်မှတ်လို့နားထောင်နေတာ”

”နင့်ကို ခြောက်ညင်ကပ်လို့ ရွဲ့ပြောနေတာဟဲ့၊ ပကိဏ်းရဲ့၊ တကယ်ဆို သတင်းတခုကို ဖတ်ရင် သေသေချာချာဖတ်ရတယ်။ ဒီခေတ်မှာ မရေရာတဲ့ သတင်းတွေ၊ အညှီအဟောက်တွေနဲ့တွဲပြီး လူဖတ်များအောင်လုပ်ပြီးမှ လော်တဲ့သတင်းဋ္ဌာနတွေကလည်း အများကြီး ကွ”

”ဒါဆို ဘယ်လိုဖတ်ရမလဲ”

”သတင်းတခုကို မင်းစိတ်ဝင်စားရင်၊ Google တို့ Twitterတို့ Fabebook တို့ကအစ ရိုက်ရှာလို့ရတယ်၊ ခုဆို Instagram ကအစ သတင်းတွေရှာပြီး confirm လုပ်လို့ရတယ်ကွ။ တစွန်းတစ လောက်ဖတ်ပြီး မျက်မမြင်ပုဏ္ဏား ၆ ယောက်လို ကိုယ်ထင်ရာစွဲ ပြောနေလို့မရဘူး”

”သိပါဘူးဆရာရယ်..ကျနော်လည်း ဖတ်မိချင်းချင်း ဝမ်းသာလို့ ဇာတိမာန်တွေတက်ပြီး ဆရာ့ဆီပြေးလာတာ”

”အေး…လွှတ်တင်မယ့် ဂြိုဟ်တုက Intelsat 39 လို့ အမည်ရှိတဲ့ဂြို်ဟ်တုကြီးပါ၊ Intelsat 39 ဟာ မြန်မာပိုင်ဂြိုဟ်တုမဟုတ်သလို ဒီ ဂြိုဟ်တုကိုလည်း မြန်မာက အပိုင်ဝယ်ထားတာ မဟုတ်ပါဘူး၊ ဒီဂြိုဟ်တုကဂြိုဟ်တုမှာ ပါသွားမယ့် Transponder ( C-band, Ku-band ) အချို့ကိုသာ ငှားရမ်း အသုံးပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဂြိုဟ်တုထဲမှာTransponder တွေအများကြီးပါသွားမှာဖြစ်ပြီး မြန်မာလိုပဲ ငှားသုံးမယ့်သူတွေ အများကြီးရှိပါတယ်”

”ဩော်”

”အမှန်တော့..Intelsatက(၆)ထပ်တိုက်ကြီး တစ်လုံး ဆောက်လိုက်ပြီး မြန်မာက အဲ့ထဲကအခန်း(၂)ခန်း(၃) ခန်းလောက်ကို ငှားရမ်းနေထိုင်တဲ့သဘောပါ။ ဒါကိုပဲ မြန်မာ့ဂြိဟ်တု၂ (Myanmarsat- 2) လို့ အမည်တပ်လိုက်တာပါ”

”အင်း”

”အဲ့ ဂြိုဟ်တုကို တောင်အမေရိကတိုက် အရှေ့ဘက်ကမ်းရိုးတန်းက ပြင်သစ်ပိုင် ဂီယားနာဒေသ ကူရူးဒုံးပျံစခန်းက လွှတ်တင်မှာပါ၊ ပြင်သစ် ကူရူးစခန်း၊ အမေရိကန် ကနေဒီအာကာသစခန်း၊ အိန္ဒိယ စရီဟာရစ်ကိုတာစခန်းစတဲ့ ဒုံးပျံလွှတ်စခန်း တွေရှိတဲ့အထဲ နင့်အမေ့လင် ဝိတိုရိယအငူမပါဘူးဟ”

”သိပါဝူး ဆရာရယ်၊ ကျနော်က မြန်မာပိုင်ဂြိုဟ်တု ဆိုတော့ ပထဝီထဲသင်ခဲ့ဖူးတဲ့ ဝိတိုရိယအငူ ပြေးမြင်တာပါ၊ ဒါနဲ့ တချို့ကလည်း လူတွေငတ်နေတာကို ဆန်မရှိ အစားကြီး ငွေကုန်ခံ ဂြိုဟ်တုလွှတ်ပြီး တလွဲတွေလုပ်နေတယ်လို့ ဆဲနေကြတယ်ဆရာရဲ့”

”အင်း..ဒါတော့ မသိလို့ပြောကြတာပေါ့ကွာ၊ တကယ်တော့ နိုင်ငံတနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာမှာ Infrastructure လို့ခေါ်တဲ့ ကျောထောက်နောက်ခံတွေ ကောင်းအောင်လုပ်ရတယ်ကွ၊ အဲ့ထဲကမှ Communication Infrastructure ဆိုတဲ့ ဆက်သွယ်ရေး ကျောထောက်နောက်ခံဆိုတာ လမ်းပမ်းဆက်သွယ်ရေးအစ ရေဒီယို ကြေးနန်း၊ မိုက္ကရိုဝေ့ဖ်စတဲ့ အရာတွေနဲ့ သတင်းဆက်သွယ်ရေး ဝန်ဆောင်မှုတွေ မြှင့်တင်ပေးရတာ၊ အဲဒါမှ စစ်ရေး စီးပွားရေး နိုင်ငံရေးကိစ္စအရပ်ရပ် တိုးတက်ဖွံ့ဖြိုးလာမှာကွ”

”ဒါဆို အကျိုးပြုတဲ့ ကိစ္စပေါ့နော်”

”အေးပေါ့ ဒါမှ မလိုချင်လည်း ရပါတယ်၊ လောလောဆယ် မင်းကိုင်ထားတဲ့ Oppo ဖုန်း ငါ့အိမ်မှာထားခဲ့”

”အမ်…မလုပ်ပါနဲ့ ဆြာရယ်၊ ဒါလေးနဲ့ ချက်တင်ထိုင်နေရတာပါ”

”အေး..မှတ်ထား”

ရှင်လူ

Click to comment

Most Popular

To Top