အိုင်တီလူမိုက် ရှင်လူ – iSeeMedia
Feature

အိုင်တီလူမိုက် ရှင်လူ

အိုင်တီလူမိုက် ရှင်လူ
ရှင်လူ (သံဝေဂနဲ့ရေးသည်)

”ဟယောင် မိုးဒွန်း မင်းက လူမိုက်လား၊
ငါ့ကို အွန်လိုင်းက စိန်ခေါ်ရအောင် ငါက မင်းမြေတလက်မယူထားသလား၊ မင်းပိုက်ဆံ တကျပ် မတရားယူထားသလား၊ ပြောစမ်း ဟေ့ယောင်၊ စောက်ဆင့်မရှိတဲ့ကောင်၊ ဟယောင်.. မင်းသိထားဖို့က ရှင်လူဆိုတဲ့ကောင်က သွေးမရှိတဲ့ကောင်မဟုတ်ဘူးကွ၊ ရှိတဲ့သွေးနဲ့မလောက်ရင်တောင် နီးတဲ့ဆိုင်မှာ တန်းစီပြီး ဖြည့်ထားလိုက်မယ်၊ ဘာမဟုတ် ညာမဟုတ် လိုင်းပေါ်တက်ပြီး လေကျယ်နေတဲ့ကောင်၊ ဟယောင် ရှင်လူ့အကြောင်းကို မင်းသိချင်သလား၊သိချင် လာခဲ့ ဟယောင်၊ ရှင်လူ ဟောဒီ ထင်ရာစိုင်း ဒေသကြီးက ဒူးတင်ပေါင်တင်ရပ်ကွက်မှာ နေတယ်၊ ဖုန်းနံပါတ်က 09 007 007 007 သေချာမှတ်ထားလိုက်၊ အချိန်မရွေး ရှင်းလို့ရတယ်၊ သိလားစောက် ရူး…

”ဟာ..ဆရာ ဘယ်သူနဲ့များ ရန်ဖြစ်နေလဲလို့ ..”

”ဟယောင်တိတ်တိတ်နေစမ်း၊ ဒီမှာ Live လွှင့်နေတာကွ၊ ဟောဟော..မန့်တွေတက်လာပြီ…
ကွီး ပြောပြိုက် တဲ့၊ တို့မီးရှု့ိ့မီး (အထောင်သား) ဆိုတဲ့ အကောင့်က လိုက်ကော မန့်ပါပေးတယ်၊ ဟောဟော တက်လာပြန်ပြီ၊ တယောက်ရဲရဲတောက်ပါလား လေးစားဒယ် ဒါမျိုး တဲ့၊ ဒလက ငဘ တဲ့။

တပည့်ကျော်ပကိဏ်းလူက ရှင်လူ့ကို စိတ်ပျက်နေတဲ့မျက်နှာကြီးနဲ့ ငေးနေရင်း
”ဆရာကလည်း၊ ကွကိုယ် စာလေးဘာလေး အေးဆေးရေးမနေပဲ..ဘာလို့ Live လွှင့်ပြီးပြဿနာရှာနေတာလဲ”

”ဟယောင်ရ၊ ကြောက်တတ်ရင် နှစ်ခါသေတယ်ကွ၊ ငါ့ဟာငါ သရော်စာလေးတွေရေးပြီး အေးဆေးနေတာ ဒီ မိုးဒွန်းဆိုတဲ့ငနဲက ဗလိုင်းကြီးလာဆဲတာကွ၊ လူပုံက တမင်သက်သက် စိတ်ကြီးဝင်နေတယ် ထင်ပါရဲ့ကွာ ၊သူ့မျက်နှာက ဟိုတုန်းကမင်းသားကြီးဗိုလ်ဗကိုနဲ့ တုတ်ပေါဖက်စပ်မျက်နှာမျိုးနဲ့ ငါရေးတဲ့သရော်စာတွေ အဆင့်မရှိဘူး..ဘာညာသာရကာ လာပြောနေတာ”

”ဘယ့်နှယ်..ဖက်စပ်မျက်နှာလဲ ဆရာရဲ့”

”ဗိုလ်ဗကိုက တည်တယ်ကွ၊ တုတ်ပေါကရွဲ့တယ်ကွ၊အတည်လိုလို အရွဲ့လိုလိုမို့ ဖက်စပ်မျက်နှာလို့ပြောတာ”

”ဩော်…”

”မင်းရော Live မလွှင့်ဘူးလား”

”ဘာလို့လွှင့်ရမှာလဲ ဆရာရဲ့၊ အလကား ဘေလ်ကုန်တယ်”

”အဲဒါကြောင့် မင်းကိုငတုံးလို့ပြောတော့ မခံချင်ဘူး၊ ဒီခေတ်မှာ Live မလွှင့်တဲ့လူတွေ ကျန်ခဲ့တော့မှာ၊ ဂလိုဘယ်လ်ရွာကြီးတခုလုံး Live သံတွေတညံညံဖြစ်နေတာ၊ တနေ့က ကောင်မလေးတယောက်ဆို ရည်းစားကသစ္စာဖောက်သွားလို့ အသဲကွဲပြီး Shampoo တွေသောက်ပြတာ”

”အင်း..ဝမ်းတွေ ဒလဟောသွားမှာ မြင်ယောင်သေးတော့”

”ခုဆို လင်မယားရန်ဖြစ်တာကအစ Liveလွှင့်နေတာ”

”အဲတော့ ဘာဖြစ်လဲ”

”ပွင့်လင်း မြင်သာတာပေါ့ကွ”

”တော်ပါတော့ ဆရာရယ်၊ ဒါမျိုးတော့ မပွင့်လင်းပါရစေနဲ့ ၊ ရှက်စရာကြီး”

”အမ်မာ ..မင်းကများ ရှက်နေရသေး၊ ဟယောင် ခုဆို အမေရိကန်သမတ ဒေါ်နယ်ထရမ့်တောင် တွစ်တာကနေ ကြိမ်းမောင်းနေတာ”

”ဟုတ်ပါတယ် ဆရာပြောတာ၊ ဒါပေမယ့် ဟိုက သန်းကြွယ်သူဋ္ဌေး ၊ ခရီးသွားရင်တောင် ကိုယ်ပိုင်လေယာဉ်နဲ့သွားတာ၊ ပြီးတော့ သူ့မှာ အမိန့်ပေးလို့ရတဲ့ စစ်တပ်ကြီးရှိတယ်၊ ဆရာ့လိုပဲ ကျနော်တို့ဆီက
သူရဲကောင်းတွေ Live လွှင့်ပြီး ထင်ရာမြင်ရာတွေပြော၊ ခုတော့ ထောင်ထဲရောက်သူရောက် ဝရမ်းပြေးဖြစ်သူဖြစ်နဲ့၊ ဒီကြားထဲ ဖေ့စဖုတ်က အကောင့်ပိတ်တောင်ခံရသေးတယ်”

”အမ်မာ မင်းကငါ့ကိုပြန်ပြီးဆရာလာလုပ်နေသေးတယ်၊ ပန်းကန်လုံးနဲ့ကောက်ထုလိုက်လို့ မိုက်တီးရှင်လူလက်စာမိသွားအုံးမယ်၊ ခေတ်အမြင်ကိုမရှိဘူး၊ ကြည့်စမ်း တချို့ကောင်မလေးတွေ Tik Tok မှာတင်နေကြတာ၊ တကယ်တော့Entertainment ကို ဘယ်သူ့အကူအညီမှမပါပဲ မိုဘိုင်းဖုန်းတလုံးနဲ့ လုပ်နိုင်နေပြီကွ၊ဘယ်လောက် အားကျဖို့ကောင်းလဲ၊ ဟားဟား တချို့အလန်းလေးတွေဆို ထမီပါလှန်ပြတာ”

”ဟားဟား ခုမှပဲ ဆရာ့အကျင့်တွေပေါ်တော့တယ်၊ ဆရာရယ်၊ တရားအလုပ်လေးဘာလေးလည်း လုပ်ပါအုံး၊ အချိန်က သိတ်ကျန်တာမဟုတ်တော့ဘူး”

”ဟယောင်ရ၊ ခေတ်အကြောင်းသိမှ စာရေးဆရာဆိုတာစာရေးလို့ရတာကွ ဘူမသိကိုးမသိကောင်ရ”

”အင်း..ဆရာပြောမှ ကျနော်အကြံရပြီ၊ ဆရာလိုင်းပေါ်မှာ အိုင်တီ လူမိုက်လုပ်နေတာ အန္တရာယ်များလှတယ်၊ အခန့်မသင့်ရင် ၆၆ ဃနဲ့လည်း ကြုံနိုင်တယ်၊ ဒီလိုလုပ်ပါလား ၊ မိန်းမလိုဝတ်ပြီး Tik Tok
ကစားပါလား၊ ဒါဆိုပျော်စရာလည်းကောင်း ခေတ်လည်းမီ”

ရှင်လူ အကြမ်းပန်းကန်နဲ့ကောက်ရွယ်လိုက်တော့ ပကိဏ်းတယောက် အလောတကြီးထပြေးပါလေရော။ တကယ်တော့ တခါတလေမှာ ဆရာဆိုတာ တပည့်ရဲ့အဝေဖန်ကိုလည်းခံသင့်တာပါပဲလေ။

ရှင်လူ

Click to comment

Most Popular

To Top