ကိုယ့်အတွက်ပဲလုပ်နေကြမည်ဆိုလျှင် နိုင်ငံတိုးတက်ရေး ပံ့ပိုးနိုင်မှာမဟုတ် ဟု နိုင်ငံတော်အတိုင်ပင်ခံပြော – iSeeMedia
Local

ကိုယ့်အတွက်ပဲလုပ်နေကြမည်ဆိုလျှင် နိုင်ငံတိုးတက်ရေး ပံ့ပိုးနိုင်မှာမဟုတ် ဟု နိုင်ငံတော်အတိုင်ပင်ခံပြော

နေပြည်တော်၊ ဇူလိုင် ၃

‘’တစ်ကွဲတစ်ပြားစီ ၊ တစ်ဦးတစ်ယောက်စီ၊ အဖွဲ့တစ်ဖွဲ့စီ ကိုယ့်အတွက်ပဲ လုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တိုးတက်ရေးကို ပံ့ပိုးနိုင်မှာမဟုတ်ပါဘူး’’ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောသည်။ ယနေ့နံနက် ၁၀နာရီက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) ၌ ကျင်းပသည့် မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်းဖြစ်သည်။

“စည်းလုံးညီညွတ်မှုအင်အားကို ဘယ်သူမှ ယှဉ်လို့မရပါဘူး။ တစ်ကွဲတစ်ပြားစီ ၊ တစ်ဦးတစ်ယောက်စီ၊ အဖွဲ့တစ်ဖွဲ့စီ ကိုယ့်အတွက်ပဲ လုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တိုးတက်ရေးကို ပံ့ပိုးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့အမျိုးသမီးများက ရှေ့က ဦးဆောင်ပြီး ညီညီညွတ်ညွတ်နဲ့ စုပေါင်းဆောင်ရွက်တဲ့ စံနှုန်းထားတွေကို ချပေး လိုက်မယ်ဆိုရင် ဒီနေ့တစ်နေ့အတွက်၊ တစ်နှစ်အတွက်တင်မဟုတ်ဘူး။ ကျွန်မတု့ိနိုင်ငံ ရဲ့အနာဂတ်အတွက် အင်မတန်မှ အရေးပါမှာဖြစ်ပါတယ်’’ဟု သူမက ပြောသည်။ ယင်းအပြင် မိမိတို့၏ သားသမီး၊ မြေး၊ မြစ် များအား မည်သည့် လူ့ အသိုင်း အဝိုင်းတွင် နေထိုင် ကြီးပြင်း ထားရစ်ခဲ့ကြမည်နည်း ဟု နိုင်ငံတော်အတိုင်ပင်ခံက ယနေ့ နေပြည်တော်တွင် မေးခွန်းထုတ်ခဲ့သေးသည်။ သူမ၏ မေးခွန်းထုတ်မှုကို အလေးအနက်ထားကာ စဉ်းစားစေချင်ကြောင်း လည်း ပြောခဲ့သည်။

‘’အမျိုးသမီးတွေအနေနဲ့ မြန်မာနိုင်ငံအမျိုး သမီးများနေ့မှာ ကျွန်မတို့နိုင်ငံကို ဘယ်လိုပုံစံဖြစ်စေချင်လဲဆိုတာကို အလေးအနက် ထား ပြီးစဉ်းစားစေချင်ပါတယ်။ကျွန်မတို့ရဲ့ သားသမီး၊ မြေး၊ မြစ် တွေကိုဘယ်လို လူ့ အသိုင်း အဝိုင်းမှာကြီးပြင်းလာစေချင်သလဲ။ ဘယ်လိုလူအသိုင်းအဝိုင်းမှာ နေထိုင်သွား စေချင်သလဲ။ ကျွန်မတို့ကိုယ်တိုင် အသက်ကြီးလာတာနဲ့အမျှ ဘယ်လို လူ့အသိုင်း အဝိုင်းကို ထားခဲ့စေချင်သလဲဆိုတာကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ ကိုယ်က ဘာကို ရည်ရွယ်လဲဆိုတာကို သေချာသိမှ ရည်ရွယ်ချက်အောင် မြင်အောင် ဘယ်လို လုပ်ရမလဲဆိုတာကို ကျွန်မတို့ နည်းလမ်းရှာနိုင်မှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ တကယ်ကို တန်ဖိုးရှိပြီးတော့ လုံခြုံတဲ့နေရာ တစ်ခုဖြစ်ဖို့ဆိုရင် အမျိုးသမီးတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲ။ ဘာတွေ လုပ်သင့်သလဲဆိုတာကို စဉ်းစားပါ။ ဘယ်လို တန်ဖိုးထားပြီး ဖြန့်ချိပေးသင့်သလဲဆိုတာ စဉ်းစားပါ။ ဘယ်လိုပုံစံတွေနဲ့ ထိထိရောက် ရောက်ဖြန့်ချိပေးသင့်သလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ ဒါက အမျိုးသမီးတွေ တင် မဟုတ်ဘဲ အမျိုးသားတွေလည်း လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်’’ ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောသည်။

အမျိုးသမီး၊ အမျိုးသား တန်းတူ ညီမျှရေး လုပ်သည့် အခါ ရန်သူများသဖွယ် မလုပ်ဆောင်ကြရန် နှင့် မိတ်ဆွေ၊မောင်နှမ သဖွယ် ဆောင်ရွက်ကြရန် လည်း တိုက်တွန်းခဲ့သည်။ ကလေးများကို ငယ်စဉ်ဘဝကတည်းက ပြုစုပျိုးထောင်သွားကြရန် နှင့် အမျိုးသမီးများအနေဖြင့် မိမိတို့၏ ကလေးများ၏စိတ်ထဲ မည်သို့သော စံနှုန်းများ စွဲသွားစေချင်သလဲ ဆိုသည်ကို သေသေချာချာစဉ်းစားပြီး ပြုစုပျိုးထောင်ပေးသွားကြရန်ပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကထည့်သွင်း စကားဆိုခဲ့သည်။ ဇွဲခန့်

Click to comment

Most Popular

To Top