မြန်မာ့ ရိုးရာကြေးပန်းတဉ်းလုပ်ငန်း ပျောက်ကွယ်တော့မည့် အခြေအနေရောက်ရှိနေ – iSeeMedia
Entertainment

မြန်မာ့ ရိုးရာကြေးပန်းတဉ်းလုပ်ငန်း ပျောက်ကွယ်တော့မည့် အခြေအနေရောက်ရှိနေ

မုံရွာ၊ ဇူလိုင် ၁

မုံရွာမြို့နယ် ကြေးမုံကျေးရွာတွင် ရှေးရိုးရာစဉ်လာမပျက် ထိန်းသိမ်းလာသော ကြေးပန်းတဉ်း လုပ်ငန်းအပေါ် စိတ်ဝင်စားမှု နည်းလာကြသည့်အတွက် ပျောက်ကွယ်တော့မည့်အခြေအနေ ရောက်ရှိနေကြောင်း ကြေးမုံကျေးရွာနေ ကြေးပန်းတဉ်း ပညာရှင် ဦးအောင်ကိုထံက ပြောသည်။

“အလားအလာကတော့ ကျွန်တော်တို့ မရှိရင်တော့ ပျောက်ကွယ်သွားတော့မှာပါ။ သားကိုတော့ အမွေအဖြစ် သင်ထားပေးထားတယ်။ အခြေအနေက ပေးဦးမှလေ။ စိတ်ပါဝင်စားတဲ့သူက မရှိအောင်ကို နည်းလွန်းတယ်။ လုပ်ငန်းလုပ်တဲ့သူ နှစ်ဦးပဲ ကျန်တော့တယ်။ အရင်က ၁ ဦး၊ ဦး ၂၀ လောက်လုပ်ခဲ့ကြတယ်။ ပင်ကိုယ်လုပ်ငန်း သမားလည်း မဟုတ်ဘူး။ နောက်မှလုပ်ကြတော့ ဒီလုပ်ငန်း မကောင်းတော့ နောက်လုပ်ငန်း ပြောင်းကုန်ကြတာပေါ့။ ကျွန်တော်တို့ကတော့ မိဘဘိုးဘွား လက်ထက်ကတည်းက ရိုးရာထိန်းသိမ်းလုပ်လာကြတော့ အခုထိ လုပ်နေနိုင်သေးတာပေါ့” ဟု ဦးအောင်ကိုက ပြောသည်။

ယခင်က မီးကြွေ ပန်းအိုး ထုံးအိုး (အောင်အိုး) စသည်တို့ကို များစွာ လုပ်ခဲ့ရာမှ ယခုအခါတွင် ဌာပနာကြေးဆင်းတုတော်များ အလုပ်ရများနေပြီး မန္တလေးမြတ်မုနိဘုရားကြီးထဲမှ ဖောက်သည်များထံ ပို့ပေးနေရကြောင်း သိရသည်။

“ဌာပနာကြေးဆင်းတုတော်က ပင်စိုက် အသေးစားရယ်၊ အကြီးစားရယ် သုံးမျိုး လုပ်ပေးရပါတယ်။ အသေးက ရှစ် လက်မကနေ ၁၂ လက်မထိရှိပြီး အကြီးဆုံးက ၁၅ လက်မရှိတယ်။ လက်ဖမ်းမိုနဲ့ပုံဖမ်းယူတာပါ။ ရှေးကတည်းက လက်ဖမ်းမိုနဲ့ လုပ်လာကြတာပါ။ ရှစ်မျိုးရှိတဲ့ ဌာပနာတစ်တိုက်စာလုပ်ရင် ၁၀ ရက်လောက် အချိန်ယူရတယ်။ ရှစ် လက်မ အသေးတစ်တိုက်စာကို ဘုရားတည်သူက အော်ဒါမှာရင် နှစ်သိန်းယူပါတယ်။ နှစ်သိန်းခွဲ ရှိတယ်။ သုံးသိန်း သိန်းရှိတယ်။ အသေးလေးတွေကတော့ တစ်သိန်းလောက်ရှိတယ်။ မဟာမြတ်မုနိဘုရားကြီးထဲက ရောင်းသူကလည်း အရောင်းသွက်ရင်သွက်သလို နည်းရင်နည်းသလို ထိန်းမှာကြတယ်” ဟု ဦးအောင်ကိုက ပြောသည်။

လုပ်ငန်းမကောင်းရခြင်း အကြောင်းမှာ ကုန်ကြမ်းဈေးက ထွက်လာသည့် ကုန်ချောဈေးထက် မြင့်နေသည့်အတွက်ဖြစ်ကြောင်း သိရသည်။

“ကုန်ကြမ်းဈေးကကြေးတစ်ပိသာတစ်တုံးကို တစ်သောင်းရှိရင် ကုန်ချောမှာ ခုနစ်ထောင်၊ ရှစ်ထောင်လောက်ပဲ ရတော့ မကိုက်တော့ဘူး” ဟု ဦးအောင်ကိုက ဖြည့်ပြောသည်။

ယခင်ကြေးပန်းအိုးများလုပ်စဉ်က ဆောင်းရာသီတွင် လုပ်ရသည်မှာ ကောင်းသလို အမှာများကြောင်း၊ လက်ရှိတွင် လုပ်နေရသော ဌာပနာပစ္စည်းများကို တခြားနယ်မပို့ရဘဲ မန္တလေးသို့ အဓိက ပို့နေရပြီး ကုန်ကြမ်းဖြစ်သည့်ကြေးကို မန္တလေးကြေးပွဲစားများထံမှ ဝယ်ယူကြောင်း သိရသည်။

လင်းထက်ကို

Click to comment

Most Popular

To Top