မီတာခပြောင်းလဲမှုကြောင့် ကုန်ဈေးနှုန်းတက်မည်မဟုတ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော – iSeeMedia
Local

မီတာခပြောင်းလဲမှုကြောင့် ကုန်ဈေးနှုန်းတက်မည်မဟုတ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှု စရိတ်များ ကြီးမြင့်နေပြီး လျှပ်စစ်မီတာခ ပြောင်းလဲကောက်ခံခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်မားစေမည် မဟုတ်ကြောင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

“ကျွန်တော်အနေနဲ့ လျှပ်စစ်ဈေးနှုန်းတိုးသွားတဲ့ အပေါ်မှာ အချို့က ကုန်ဈေးနှုန်းတွေ ကြီးလာမလား။ ထုတ်ကုန်တွေများ ပိုပြီးဈေးမြင့်ရမလားဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က လျှပ်စစ်မီး လုံလုံလောက်လောက် မရလို့ ထုတ်လုပ်မှုစရိတ်တွေကြီးနေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စက်ရုံတွေဆို မီးပျက်သွားရင် ချက်ချင်း မီးစက်နဲ့ မောင်းရတယ်။ အဲဒီလို့ မောင်းရတဲ့အခါ အစိုးရကို ပေးရတဲ့ စရိတ်ထက် ငါးဆလောက် ပိုပြီးကြီးမြင့်နေတယ်။ အဲဒါကြောင့် စက်ရုံတွေ အနေနဲ့ မီးစက်တွေ ပြင်ဆင်ထားရတယ်။ အဲဒါအပြင်ဒီဇယ်တွေကိုလည်း သိုလှောင်ထားရတယ်။ မီးလာလာ၊ မလာလာ တစ်ရက်ကို တစ်ကြိမ်တော့ မောင်းပေးရတယ်။ အဲဒီလို့ပြင်ဆင်ထားတဲ့ စရိတ်တွေအများကြီး ကုန်ပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်ကို ဈေးနှုန်းနည်းနည်းနဲ့ရပေမဲ့ လုံလုံလောက်လောက် မရတဲ့အခါ မမျှော်မှန်းနိုင်တဲ့ ကုန်ကျစရိတ်တွေက အများကြီးထပ်ဖြစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်” ဟု ၄င်းက ပြောကြားခဲ့သည်။

လျှပ်စစ်မီးကို တည်တည်ငြိမ်ငြိမ်သုံးစွဲနိုင်ရေးမှာ ချက်ချင်း မဖြစ်နိုင်သော်လည်း အချိန်အားဖြင့် တစ်နှစ်၊ တစ်နှစ်ခွဲအတွင်း အားလုံးအဆင်ပြေသွားမည်ဟု ယူဆကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

“လျှပ်စစ်သာ မှန်မှန်ပေးနိုင်မယ်ဆိုရင် မီးစက်တွေလည်း ထားစရာလိုဘူး။ ဆီတွေလည်း လှောင်ထားစရာမလိုဘူး။ လျှပ်စစ်တည်ငြိမ်ပြည့်ဝတဲ့ နှုန်းထားနဲ့သာ ရမယ်ဆိုရင် ဒီစက်တွေရဲ့ လည်ပတ်မှုကလည်း ပိုမိုအားကောင်းလာနိုင်မယ်။ နိုင်ငံခြား ရင်းနှှီးမြုပ်နှံမှုကလည်း ပိုပြီးရောက်လာနိုင်စရာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လျှပ်စစ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပေးနိုင်ဖို့အတွက် အခုစစဦးချင်း ချက်ချင်းကြီးဖြစ်သွာမလားဆိုတာထက်တော့ အချိန် တစ်နှစ်တန်သည် တစ်နှစ် ခွဲတန်သည်လောက်မှာ အားလုံးဟာ အဆင်ပြေချောမွေ့သွားလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်” ဟု ၄င်းက ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းသည် လျှပ်စစ်အများဆုံး သုံးစွဲနေခြင်းကြောင့် လျှပ်စစ်ရောင်းချလိုသည့် ကုမ္ပဏီများက လျှပ်စစ်ရောင်းချနိုင်ရန် လာရောက်မေးမြန်းကြသည့်ကုမ္ပဏီ များစွာရှိကြောင်း၊ အဆိုပါကုမ္ပဏီများကို လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံရန် ၄င်းအနေဖြင့် တွန်းအားပေးခဲ့ကြောင်း၊ ယင်းသို့ အခြေအနေများတွင် ယခင်က အဆင်မပြေမှုများ ရှိသော်လည်း ယခုအခါ ပြုပြင်ပြောင်းလဲလာမှုကြောင့် သင့်တင့်မျှတသည့်နှုန်း သတ်မှတ်နိုင်ပါက အဆင်ပြေမည်ဟု ယူဆကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လျှပ်စစ်မီး သုံးစွဲခ ပြောင်းလဲကောက်ခံမှုကို လာမည့် ဇူလိုင် ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်နေ့က သတင်းထုတ်ပြန် အသိပေးခဲ့သည်။

အဖြူရောင်

Click to comment

Most Popular

To Top