မူးယစ်ဆေးဝါးပြဿနာအား ယခုအချိန်မှစ၍ မချေမှုန်းပါက နောင်ဆယ်နှစ်အကြာတွင် နိုင်ငံ၏အခြေအနေ မတွေးဝံ့စရာအဖြစ်သို့ ဆိုက်ရောက်သွားမည်ဟု နိုင်ငံတော်သမ္မတ သတိပေး – iSeeMedia
Local

မူးယစ်ဆေးဝါးပြဿနာအား ယခုအချိန်မှစ၍ မချေမှုန်းပါက နောင်ဆယ်နှစ်အကြာတွင် နိုင်ငံ၏အခြေအနေ မတွေးဝံ့စရာအဖြစ်သို့ ဆိုက်ရောက်သွားမည်ဟု နိုင်ငံတော်သမ္မတ သတိပေး

နေပြည်တော်၊ ဇွန် ၂၆

မူးယစ်ဆေးဝါးကိစ္စကို အားလုံးစုပေါင်းပြီး တက်ညီလက်ညီနဲ့ အခုကတည်းက မချေမှုန်းထားဘူးဆိုရင် နောင်ဆယ်စုနှစ်တစ်စု အကြာမှာ နိုင်ငံရဲ့ အခြေအနေဟာ မတွေးဝံ့စရာ အခြေအနေ ရှိလာလိမ့်မယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သတိပေးစကားပြောကြားလိုက်ပြီး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မူးယစ်ဆေးဝါးပြဿနာဟာ နိုင်ငံကို ခြိမ်းခြောက်နေတဲ့ ကြီးမားတဲ့ အန္တရာယ်ကြီး ဖြစ်တယ်လို့လည်း သမ္မတက မှတ်ချက်ပြုပါတယ်။

အစိုးရအဖွဲ့အနေနဲ့ မူးယစ်ပြဿနာကို နည်းလမ်းပေါင်းစုံနဲ့ ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်ပြီး၊ ပြည်သူလူထုအနေနဲ့ မူးယစ်သတင်းတွေကို ပေးကြဖို့၊ မူးယစ်ရာဇာကြီးတွေရဲ့ သတင်းတွေလည်း ပေးကြဖို့ နဲ့ မူးယစ်သားကောင်တွေကို ညှာတာထောက်ထားပြီး လူ့အဖွဲ့အစည်းထဲ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ဝိုင်းသန်းကူညီ ပံ့ပိုးပေးကြဖို့ပါရလို့ သမ္မတက ပြောဆိုခဲ့ပါတယ်။

‘’အားနည်းသူကို ကူညီပြီး၊ အားငယ်သူကို လက်ကမ်းပေးကြပါ‘’လို့ သမ္မတက မူးယစ်သားကောင်တွေ နဲ့ ပါတ်သတ်ပြီး လူထုကို သူ့ရဲ့ သဘောထားနဲ့ ထားရှိရမယ့် စိတ်ဓါတ်ကို လမ်းညွှန်ပါတယ်။

စာသင်ကျောင်းတွေ ရဲ့ အနီးအနားမှာ ကျောင်းသားတွေ လက်လှမ်းမီတဲ့နေရာမှာ ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးတွေ အလွယ်တကူ မရောင်းချနိုင်အောင်လည်း ဆောင်ရွက်ကြရမယ်လို့ သမ္မတက ဆက်ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ သူသမ္မတတာဝန်ကို ယူပြီးနောက် ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ရက်နေ့မှာ မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီး သတင်းပေးတိုင်ကြားနိုင်တဲ့ အထူးဌာနတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။

သတင်းပေးတိုင်ကြားသူကို လျှိုဝှက်ထားကာ မူးယစ်ကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းခဲ့ရာ ဇွန်လ ၂၂ ရက်နေ့ အထိ မူးယစ်တရားခံ ၁၀၄၁ ဦးကို ဖမ်းဆီးအရေးာူခဲ့ပါတယ်။

ဒီလို ဖမ်းဆီးရာမှာ ပမာဏကြီးတဲ့ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်မှုတွေ မပါခဲ့ဖူးလို့ သမ္မတက ပြောပါတယ်။

နိုင်ငံမှာ စိုက်ပျိုးထွက်ရှိနေတဲ့ ဘိန်းဟာ အရင်ကထက် ပမာဏလေျှာ့ကျလာပြီး စိုက်ပျိုးမှုက ၉ .၁ရာခိုင်နှုန်း၊ ထုတ်လုပ်မှုက ၅.၄၅ရာခိုင်နှုန်း အသီးသီး လေျှာ့ကျသွားတယ်လို့ သိရပါတယ်။

နောက်ဆုံးစာရင်းတွေအရ ဘိန်းစိုက်ဟတ်တာ ၃၇၀၀၀ ခန့် ပဲ ရှိတော့တယ်လို့ သိရပါတယ်။

အရင်ကဆို ဘိန်းစိုက်ဟတ်တာ ၄၁၀၀၀ ကျာ် ရှိနေပါတယ်။

နိုင်ငံမှာ အကြောထဲ ဘိန်းထိုးတဲ့သူ ၉၃၀၀၀ ခန့် ရှိနေပြီး၊ မူးယစ်ဆေးဝါးထိုးသွင်းမှုမှ တဆင့် HIV၊ Bပိုး၊ Cပိုး ကူးစက်မှု ပိုများလာတယ်လို့ ကျန်းမာရေးဌာနက ပြောဆိုထားပါတယ်။

ဇွဲခန့်

Click to comment

Most Popular

To Top