နိုင်ငံတော်၏အတိုင်ပင်ခံနှင့် တရုတ်သမ္မတတို့သဘောတူညီခဲ့သည့် မြန်မာမှဆန်တန်ချိန် ၁ သိန်းတင်ပို့ရန် ဘေဂျင်းတွင်လက်မှတ်ရေးထိုး – iSeeMedia
Local

နိုင်ငံတော်၏အတိုင်ပင်ခံနှင့် တရုတ်သမ္မတတို့သဘောတူညီခဲ့သည့် မြန်မာမှဆန်တန်ချိန် ၁ သိန်းတင်ပို့ရန် ဘေဂျင်းတွင်လက်မှတ်ရေးထိုး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတတို့တွေ့ဆုံမှုမှ ရရှိလာသော ဆန်တင်ပို့မှု ခွဲတမ်း တန်ချိန် ၁သိန်း ကိစ္စကို အကောင်အထည်ဖော်ရန် မြန်မာ-တရုတ် ကုန်သည်များ ဘေဂျင်းတွင် လက်မှတ် ရေးထိုးလိုက်ပြီ ဟု သိရသည်။

၂၀၁၉ ဧပြီလ က နိုင်ငံတော်တော်အတိုင်ပင်ခံသည် တရားဝင်ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ရာ တရုတ်သမ္မတနှင့် တွေ့ဆုံစဉ် မြန်မာဆန်များ တရုတ်သို့ တရားဝင် တင်ပို့ ခွင့်ရရေး ထည့်သွင်း ဆွေးနွေးခဲ့ရာ ဆန်တင်ပို့မှု ခွဲတမ်း ရရှိခဲ့သည်။

၂၀၁၆၊၂၀၁၇၊၂၀၁၈ ၃ နှစ်လုံးလုံး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထံမှ ဆန်တင်ပို့မှု ခွဲတမ်းရရှိခြင်း မရှိခဲ့သည့်အတွက် ယခုရရှိသည့် ယင်းခွဲတမ်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ပထမဦးဆုံးရရှိသည့် ခွဲတမ်းဖြစ်သည်။

တွေ့ဆုံမှု မှရရှိလာသော ဆန်ခွဲတမ်း တန်ချိန် (၁) သိန်း ကိစ္စကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် တရုတ်အစိုးရပိုင် COFCO တို့ နားလည်မှုစာချွန်လွှာ MoU ကို ဇွန်လ ၂၀ရက်နေ့က ဘေဂျင်းတွင် လက်မှတ်ထိုးခဲ့သည်ဟု အသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။

အရောင်းအဝယ်စာချုပ် မဟုတ်ပဲ MRF အနေဖြင့် COFCO အား မြန်မာ့ဆန်စပါးဈေးကွက် သတင်းအချက်အလက်ပေးရန်နှင့် မြန်မာ့ဆန် ဝယ်ယူသည့်ကိစ္စအပေါ် ကူညီပေးရန်သာဖြစ်သည်ဟု ဦးရဲမင်းအောင်က ရှင်းပြသည်။

လက်ရှိ ဆန်ကုန်သည်များမှာ နယ်စပ်မှတဆင့် တရုတ်သို့ ဆန်တင်ပို့ရေးတွင် အခက်အခဲဖြစ်နေပြီး ရောင်းမရ၍ စုပုံနေသည့် ဆန်ကျန်များ ရှိနေသည်အထိ ဖြစ်နေသည်။

တရုတ်ကသာ မြန်မာ့ဆန်များကို တရားဝင် ဝယ်ယူပါက မြန်မာဆန်ရောင်းရရေးတွင် စိတ်မပူရတော့ဟု ဘုရင့်နောင် ဆန်ကုန်သည်များက ပြောကြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယ နိုင်ငံသို့ သွားရောက်စဉ်ကလည်း အိန္ဒိယက မြန်မာ့ပဲများကို တန်ချိန်သိန်းနှင့်ချီကာ ဝယ်ကူမည် ဆိုသော ကတိစကားကို ရရှိခဲ့သည်ဟု သိရသည်။

ဇွဲခန့်

Click to comment

Most Popular

To Top