မျက်နှာသစ်သရုပ်ဆောင်တွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ရုံတင်ဖို့ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောလာတဲ့ သရုပ်ဆောင်ခါရာ – iSeeMedia
Entertainment

မျက်နှာသစ်သရုပ်ဆောင်တွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ရုံတင်ဖို့ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောလာတဲ့ သရုပ်ဆောင်ခါရာ

ဖေဖော်ဝါရီ( ၂၄)

သရုပ်ဆောင်ခါရာဟာ Bonanza Production မှ ဒုတိယမြောက်ရိုက်ကူးထားတဲ့ မြို့ပြမုဆိုးများ ရုပ်ရှင်ဇာတ်ကားကြီး မှာပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါဇာတ်ကားရုံတင်ဖို့အတွက် မိမိတို့လိုမျက်နှာသစ်သရုပ်ဆောင်တွေအတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး စိတ်ဓါတ်ကျတဲ့အထိ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“မြို့ပြမုဆိုးများဇာတ်ကားကို အချိန်တော်တော်ယူပြီး မကြိုက်မချင်း ရိုက်ခဲ့တာပါ။ အဲ့ဒါကမပင်ပန်းဘူး။ တကယ်ပင်ပန်းတာက ရုံတင်မယ့်ကိစ္စပါ။ ရုံတင်တဲ့အချိန်မှာ တော်တော်ပင်ပန်းတယ်။ စိတ်တွေပါပင်ပန်းတာ။ စိတ်ဓါတ်တွေပါကျတယ်။ ဆက်တောင်မလုပ်ချင်တော့တဲ့အထိ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ဘယ်လောက်ပဲ ကြိုးစားထား၊ ကြိုးစားထား ရုံမတင်ရရင်ပရိတ်သတ်တွေဆီ မရောက်ဘူးလေ။ ကျွန်တော်တို့ဒါတွေလုပ်နေတာ ဘာအဓိပ္ပါယ်မှ မရှိသလိုခံစားရတယ်။ ” လို့ သရုပ်ဆောင်ခါရာက isee media ကို ပြောပါတယ်။

မြို့ပြမုဆိုးအက်ရှင်ရုပ်ရှင်ကားကြီးကို ၎င်းချပြချင်တဲ့ အနုပညာလမ်းကြောင်းအသစ်တစ်ခုကို ချပြချင်တဲ့ ရည်ရွယ်ချက်နဲ့သာ လူငယ်သရုပ်ဆောင်သစ်တွေ ပူးပေါင်းပြီး ကြိုးစားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
” မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာအထိရောက်အောင်လုပ်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ပြန်ရုန်းထပြီးတော့ ကြိုးစားထားတယ်။ မြို့ပြမုဆိုးကိုရုပ်တွေ၊ အသံတွေကအစ အကောင်းဆုံးဖြစ်အောင် လုပ်ထားတယ်။ အကယ်ဒမီရအောင်ရိုက်တာလည်း မဟုတ်ဘူး။ ပိုက်ဆံရအောင်ရိုက်တာလည်း မဟုတ်ဘူး။ ကိုယ့်ချပြချင်တဲ့ အနုပညာလမ်းကြောင်းအသစ်ကို ချပြချင်တဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ ကျွန်တော်တို့လူငယ်တွေ ပေါင်းပြီးကြိုးစားခဲ့တယ်။ “လို့ ခါရာက ပြောပါတယ်။
ဒါ့အပြင်ပိုက်ဆံရတဲ့ဟာသကားတွေ ရိုက်ဖို့အထိ အပြောအဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့တွေ အချိန်ယူပြီးတော့ ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် ပရိတ်သတ်တွေဆီမရောက်မှာကို စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်တစ်ကားရုံတင်ဖို့ကို ကျွန်တော်တို့အသစ်တွေအနေနဲ့ ရုံရှင်တွေနဲ့ အရမ်းညှိနှိုင်းရတယ်။ ဝင်ရတညအရမ်းခက်တယ်။ ရုံတင်ဖို့အချိန်မ ခက်ခက်ခဲခဲအချိန်ပေးခဲ့ရသလို အပြောအဆိုတွေပါ ခံခဲ့ရတယ်။ မင်းတို့မလို့ ဒါမျိုးကားတွေ ရိုက်တယ်။ မင်းတို့မလို့ သူများမသွားတဲ့လမ်းကြောင်းကို သွားတယ်ဆိုပြီးပြောတယ်။ ရိုက်ပါလား ပိုက်ဆံရတဲ့ဟာသကားတွေဆိုပြီး အပြောခံရတယ်။ အကြိမ်ကြိမ်ကြိုးစားပြီးတော့မှ ရုံတင်ခွင့် ရခဲ့တာဖြစ်ပါတယ်။”လို့ ပြောပါတယ်။

သရုပ်ဆောင်ခါရာဟာBonanza Production ကိုထူထောင်ထားပြီး လူငယ်တွေအားလုံးအတွက် ဆန်းသစ်တဲ့ရုပ်ရှင်တွေကို ဖန်တီးဖို့အတွက် ထူထောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုအခါမှာ Bonanza Production မှ ပွဲဦးထွက်ဇာတ်ကားအဖြစ် ‘The ACCJDENT/တိုက်ဆိုင်မှု’ ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး ဒုတိယဇာတ်ကားအဖြစ် ဒါရိုက်တာညာဏ်တင်ရိုက်ကူးထားပြီး သရုပ်ဆောင်ခါရာ၊ အကယ်ဒမီရန်အောင်၊ အကယ်ဒမီဇင်ဝိုင်း၊ ပြည့်ဝတီမောင်၊ မင်းမြတ်စိုးစံနဲ့ သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားတဲ့ ‘မြို့ပြမုဆိုးများ’ဆိုတဲ့ အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားကြောင်း သိရပါတယ်။

သံလွင်ခတ်

Click to comment

Most Popular

To Top