ရော်နယ်ဒိုထက် မက်ဆီက ပိုကောင်းသည်ဟု ထင်မြင်မိကြောင်း ရီးရဲလ်နည်းပြသစ် လိုပက်တယ်ဟီဆို – iSeeMedia
International

ရော်နယ်ဒိုထက် မက်ဆီက ပိုကောင်းသည်ဟု ထင်မြင်မိကြောင်း ရီးရဲလ်နည်းပြသစ် လိုပက်တယ်ဟီဆို

ရီးရဲလ်နည်းပြဟောင်း ဇီဒန်းသည် ချန်ပီယံ ဖလား သုံးကြိမ်ဆက် ရယူပြီး အသင်းမှ ထွက်ခွာသွားပြီး နှစ်ပတ်အကြာ အသင်းနည်းပြအသစ်အဖြစ် စပိန်နည်းပြ လိုပက်တယ်ဟီကို ခန့်အပ်လိုက်ကြောင်း ဇွန် ၁၂ ရက်တွင် ရီးရဲလ်အသင်းက တရားဝင် ကြေညာခဲ့ပြီး လက်ရှိ စပိန်လက်ရွေးစင်အသင်းနည်းပြ လိုပက်တယ်ဟီသည် ကမ္ဘာဖလားပြိုင်ပွဲပြီးမှာ ရီးရဲလ်အသင်းသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

ရီးရဲလ်အသင်းနည်းပြသစ် ဖြစ်လာမည့် ဂျူလန် လိုပက်တယ်ဟီက မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ဦး စွမ်းဆောင်ရည် နှိုင်းယှဉ်မှုတွေ ငြင်းခုန်မှုတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ရွှေဘောလုံးဆု မဲပေးရာတွင် ရိုနယ်ဒိုကို ကျော်လွန်၍ မက်ဆီအနိုင်ရရှိရန် မဲပေးခဲ့ကြောင်း လိုပက်တီဂီက ဆိုသည်။

“မက်ဆီလို ကစားသမားမျိုးကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးပါဘူး။ ခေတ်ကာလတွေနဲ့တော့ ကျွန်တော် မနှိုင်းယှဉ်လိုပါဘူး။ မက်ဆီနဲ့ ထပ်တူညီတဲ့ တစ်ယောက်ကို တစ်ချိန်ချိန်မှာ မြင်တွေ့ရဖို့တော့ ကျွန်တော် မမြင်မိပါဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း အာဂျင်တိုင်း အားကစား ဝက်ဆိုက်တစ်ခုသို့ လိုပက်တယ်ဟီက “သမိုင်းတစ်လျှောက် အကောင်းဆုံကစားသမားက မက်ဆီပါ။ သူ ပိုမိုကောင်းမွန်လာဖို့ အံ့သြဖွယ်ကောင်းတဲ့ ကစားဖော်တွေနဲ့ နည်းပြမျိုး သူမှာ ရှိခဲ့တယ်” ဟု ပြောဆိုသည်။

လိုပက်တယ်ဟီ၏ ပြောဆိုမှုသည် ပြီးခဲ့သည့် ဒီဇင်ဘာက မက်ဆီနှင့်အတူ ရွှေဘောလုံးဆု ငါးကြိမ်ရရှိသွားသော ရိုနယ်ဒိုနဲ့ ပတ်သက်ပြီး နည်းပြဟောင်း ဇီဒန်း၏ ပြောဆိုမှုနှင့် လုံး၀ ဆန့်ကျင်ဘက်တွင် ရှိနေသည်။

ချန်ပီယံလိဂ်ဖလားအား သုံးကြိမ်ဆက်ရယူပြီး ရီးရဲလ်အသင်းမှ ထွက်ခွာသွားသူ ဇီဒန်းက “ဘောလုံးသမိုင်းမှာ သူက (ရိုနယ်ဒို) အကောင်းဆုံးကစားသမားပါ။ ကျွန်တော်ထက်လည်း အလှမ်းကွာကွာ ပိုသာပါတယ်။ ဒါပေမဲ့ ကျွန်တော် စိတ်မပျက်မိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် အောင်မြင်ခဲ့တဲ့ ဖြတ်သန်းမှု ရှိခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။

အသက် ၅၁ နှစ်ရှိ စပိန်လက်ရွေးစင်နည်းပြ လိုပက်တယ်ဟီသည် စပိန်အသင်းအား ၂၀၁၆ ခုနှစ်က စတင်ကိုင်တွယ်နေသူ ဖြစ်ပြီး ထွက်ခွာသွားသော နည်းပြဇီဒန်းနေရာတွင် ရီးရဲလ်အသင်းက အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

Ref; deadspin

Click to comment

Most Popular

To Top