တရုတ်ပြည်မှ ဝင်လာသည့် မီးပုံးများကြောင့် ရိုးရာမီးပုံးများ ရောင်းအားကျဆင်း – iSeeMedia
Local

တရုတ်ပြည်မှ ဝင်လာသည့် မီးပုံးများကြောင့် ရိုးရာမီးပုံးများ ရောင်းအားကျဆင်း

Photo: Shutterstock

ရန်ကုန်၊ စက်တင်ဘာ ရ

တရုတ်ပြည် မှဝင်လာသည့် မီးပုံးများကြောင့် ရိုးရာမီးပုံးများ ရောင်းအားကျနေကြောင်း ရိုးရာ မီးပုံးပြုလုပ်သူများထံမှသိရသည်။

”ရိုးရာမီးပုံးတွေကို နှစ်စဉ် သင်္ကြန်အပြီးလောက်က စပြီး ဝါးတွေနဲ့ ပုံကြမ်းလေးတွေ စပြီးချိုးနေပါပြီ။ ဝါဆိုလောက်ဆိုရင်တော့ ချိုးပြီးသား ပုံကြမ်းလေးတွေကို မှန်ရောင်စက္ကူတွေ ကပ်တယ်။ ဝါခေါင်လလောက်ကျ အရုပ်တွေကို ဆေးရောင်ခြယ်တာတွေ နေလှန်းတာတွေ လုပ်တယ်။ ပြီးသလောက် မီးပုံးတွေကိုလည်း နယ်တွေကို စပြီး ပို့ပေးနေရပြီ။ အခုတရုတ်ကဝင်လာတဲ့ မီးပုံးတွေ လျှပ်စစ်အလှမီးတွေလည်း ပေါ်လာတော့ အရင်ကထက်ဆိုရင် ရိုးရာမီးပုံးတွေက ရောင်းအားတော့ ကျတာပေါ့’ ဟု ရိုးရာမီးပုံးပြုလုပ်သူ ကို ဖိုးကျော်မှ ပြောကြားသည်။

ုမြန်မာ့ရိုးရာမီးပုံးများကို မဟာအောင်မြေမြို့နယ် ၄၂ လမ်း၊ စိန်ကျော်ကွေ့ ခုံးကျော်တံတား တောင်ဘက် ၈၄ဝ ရပ်ကွက်တွင် သီတင်းကျွတ်မတိုင်မီ ကာလများ၌ အများစုလုပ်ကိုင်လျက်ရှိပြီး ရိုးရာမီးပုံးများကို ကျောက်ဆည်၊ စစ်ကိုင်း၊ ရွှေဘို၊ နမ့်ခမ်းနှင့် ဝမ်းတွင်းမြို့များသို့ အများဆုံး တင်ပို့ရောင်းချရပြီး နယ်ဒေသများသို့လည်း တင်ပို့လျက်ရှိရာ အရွယ် ပုံဏ္ဍာန် အမျိုးအစားကိုလိုက်၍ မြန်မာ့ရိုးရာမီးပုံးများကို ၁၅ဝ ကျပ်မှ ၃၅၀ဝ ကျပ်ထိ ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ကြောင်းနှင့် စက္ကူမီးပုံးများကို အလှချိတ်ဆွဲရန်အတွက် ပစ်တိုင်းထောင်၊ လေးထောင့်ပန်းဘွား၊ ဘီလူးမမျက်ကွင်း၊ အံစာတုံးများအပြင် ကလေးကစားစရာအဖြစ် လေယာဉ်ပျံ၊ ဖော့ခ်ကား၊ ယုန်ရုပ်၊ ဒေါင်းရုပ်နှင့် သင်္ဘောရုပ် စသည့်မီးပုံးများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာ မီးပုံးများပြုလုပ်ရာတွင် အဓိကအနေဖြင့် တင်းဝါး၊ မှန်ရောင်စက္ကူ၊ သစ်သားဘီးလုံး၊ ကော်၊ ပိတ်စကြိုးများဖြင့် ပြုလုပ်ရပြီး ကုန်ကြမ်းဈေးများမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်း၊ ယခင်က မြန်မာ့ရိုးရာ မီးပုံးများကို တစ်ရပ်ကွက်လုံးနီးပါး လုပ်ကိုင်ကြသော်လည်း ယခုအခါ ရိုးရာမီးပုံးပြုလုပ်သူ ၄ ဦး၊ ၅ ဦးလောက်သာ ရှိတော့ကြောင်းနှင့် မီးပုံးများသည် ထိခိုက်ပျက်စီးလွယ်ပြီး မိုးရေထိလျှင် ပျက်စီးနိုင်ပြီး မိုးငွေ့ရလျှင်ပင် ဖားဥစွဲတတ်ကြောင်း ရိုးရာမီးပုံးပြုလုပ်သူများထံမှ သိရသည်။

အဖြူရောင်

Click to comment

Most Popular

To Top