မူဆယ်လမ်းကြောင်းတွင် ကျွဲ၊ နွား တရားဝင်တင်ပို့ခြင်းအား လက်နက်ကိုင်အဖွဲ့များက ဆပ်ကြေးကောက်၊ ပြန် ပေးဆွဲခြင်းများကို သမ္မတ ဖြေရှင်းပေးရန် တောင်းဆိုသွားမည် – iSeeMedia
Local

မူဆယ်လမ်းကြောင်းတွင် ကျွဲ၊ နွား တရားဝင်တင်ပို့ခြင်းအား လက်နက်ကိုင်အဖွဲ့များက ဆပ်ကြေးကောက်၊ ပြန် ပေးဆွဲခြင်းများကို သမ္မတ ဖြေရှင်းပေးရန် တောင်းဆိုသွားမည်

မန္တလေး၊ ဩဂုတ် ၂၈

တရုတ်ပြည်သို့ တင်ပို့ရာတွင် အဓိကလမ်းကြောင်းဖြစ်သည့် မန္တလေး-မူဆယ်လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့များ၏ ဆပ်ကြေးကောက်ခြင်း၊ ပြန်ပေးဆွဲခံရခြင်းများကို ဆက်တိုက်ကြုံတွေ့ရကာ ဈေးကွက်ပျက်နေသဖြင့် သမ္မတမှ ဖြေရှင်းပေးရန် ကျွဲ၊ နွားတင်ပို့သူများ စုပေါင်းတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွဲ၊နွားတွေ တင်ဆောင်တဲ့ ကားတွေကို တရားဝင် အခွန်ဆောင်ပြီး သွားပေမယ့် ပတ်ခတ်တာတွေကို ခံနေရတဲ့ အပြင် မထင်ရင် မထင်သလို ပြန်ပေးဆွဲငွေတောင်းတာတွေကို လုပ်နေတာကြောင့် ကျွန်တော်တို့ ကျွဲ၊ နွားတင်ပို့သူတွေ အဆင်မပြေဖြစ်ပေါ်နေပြီး မတင်ပို့ရဲတော့ပဲ ဈေးကွက်ပျက်လုနီးပါးဖြစ်နေပါပြီ။ အဲဒါတွေကို နိုင်ငံတော် အဆင့်က ဖြေရှင်းပေးမှသာ အဆင်ပြေမှာဖြစ်တဲ့အတွက် သမ္မတထံ စာတင်ပြတောင်းဆိုသွားမှာ ဖြစ်ပါတယ်”ဟု ကျွဲ၊နွားကုန်သည် ဦးမင်းဆွေက ပြောသည်။

ကျွဲ၊ နွားများ အသက် ငါးနှစ်နှင့်အထက် အထီးများကို သင်းကွပ်၍ ပြည်ပသို့ တရားဝင်တင်ပို့ရောင်းချခွင့်ကို သတ်မှတ် အခွန်များကို အစိုးရထံပေးဆောင်ကာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ယနေ့အထိ တင်ပို့နေသော်လည်း လက်ရှိအချိန် အဆင်ပြေစွာဖြင့် တင်ပို့ရသည့် အကြိမ်ရေမှာ နည်းပါးနေခြင်းကြောင့် ယခုကဲ့သို့ တင်ပြတောင်းဆိုသွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွဲ၊နွားတွေတင်လာတဲ့ ကားတွေကို သူတို့ကို ဆပ်ကြေးမပေးရင် ပစ်တော့ ကားဆရာ သေဆုံးတာ၂၀ ဦး လောက်ရှိပြီ။ ဟိုတလောကလည်း နွားကောင်ရေ ၇၀၀ လောက်ကို လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲတယ်။ ငွေ သိန်းငါးထောင်နဲ့ ရွေးဖို့ပြောတယ်။ အဲလိုအခြေအနေတွေကို ကျွန်တော်တို့ အနေနဲ့က ဘယ်လိုမှ မဖြေရှင်းတတ်တော့ဘူး။ နိုင်ငံတော်က ဝင်ရောက် ဖြေရှင်းပေးသင့်ပါပြီ” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ကျွဲ၊နွားတင်ပို့ရာတွင် တရားဝင်လမ်းကြောင်းမှ တင်ပို့ရာတွင် မူဆယ်အထိသာ တရားဝင်သည်ဟုဆိုပြီး အဖွဲ့အစည်းများက နွားတစ်ကောင်လျှင် ကျပ် နှစ်သိန်းနီးပါး ပေးရကြောင်း၊ တရားမဝင် လမ်းကြောင်းမှ တင်ပို့လျှင် ကားတစ်စီးလျှင် ကျပ်သိန်းနှစ်ဆယ် ပေးဆောင်ရကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကျွဲ၊ နွားတင်ပို့မှုအဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၉ နိုဝင်ဘာလအထိ ကျွဲကောင်ရေ နှစ်သောင်းကျော်၊ နွားကောင်ရေ နှစ်သိန်းနီးပါး တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စူးရှ

Click to comment

Most Popular

To Top